မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် မေလ (၁) ရက်နေ့မှစတင်ကာ Online Booking စနစ်ဖြင့် ပိတ်စပို့လျှောက်နိုင်ပြီဖြစ်ကြောင်း၊ ကြိုတင်ရက်ချိန်းယူသည့် စနစ်ကို မေလ (၁) ရက်နေ့မှစတင်ကာ Online Booking စနစ်ဖြင့် စတင်ဆောင်ရွက်ပေးနေပြီးဖြစ်ကြောင်း ယင်း အဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“Online Booking စနစ်နဲ့ဆိုတော့ အချိန်ကုန်သက်သာသွားသလို၊ ပိုက်ဆံကုန်ကျမှုလည်း သက်သာသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Online မှတဆင့် ရက်ချိန်းရယူမည့်သူများသည် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့လိုအပ်ပြီး www.passport .gov.mm website တွင်လူကိုယ်တိုင်ဖြစ်စေ၊ အင်တာနက်အခက်အခဲရှိသူများအနေဖြင့် ကိုယ်စားဖြင့် ဖြစ်စေ စာရင်းတင်နိုင်ကြောင်း သိရသည်။
Online Booking စနစ်ပြောင်းလိုက်သည့်အတွက် ပတ်စပို့လုပ်လိုသူများအတွက် များစွာအဆင်ပြေသွားမည်ကြောင်းလည်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
“ဟိုးအရင်က ပတ်စပို့လုပ်ချင်ရင်ရုံးကိုသွားပြီး အချိန်အကြာကြီးစောင့်ဆိုင်ပြီးလုပ်ရတဲ့အတွက် အချိန်လည်းကုန်တယ်။ လူလည်းပင်ပန်းတယ်။ အခုလို Online Booking စနစ်ပြောင်းလိုက်တာ တော်တော်လေးကို အဆင်ပြေသွားတယ်။ ဒါပေမယ့် လာမယ့် နိုဝင်ဘာလအထိကို Booking ကပြည့်သွားပြီးလို့ သိရတယ်” ဟု ၎င်းကဆက်ပြောသည်။
Online Booking စနစ်ဖြင့် စာရင်းတင်ပြီးပါက သက်မှတ်ပေးသည့် ရက်ချိန်းအတိုင်းရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း လာရောက်လုပ်ဆောင်ရမည်ဖြစ်သည်။
အလားတူ ကရင်ပြည်နယ် ဘးအံမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင်လည်း Online Booking စနစ်ကို မေလ (၁) ရက်မှစတင်ကာ အသုံးပြုဆောင်ရွက်ပေးနေကြောင်း သိရသည်။