မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင် မေလ ၂၂ ရက် နေ့ခင်းကြောင်တောင် မွန်းလွဲ ၂ နာရီခန့်က ဝင်ရောက်လုယက်သောကြောင့် ရွှေလက်ကောက်များ ပါသွားသည်ဟု ရွှေဆိုင်အသိုင်းအဝိုင်းက ပြောသည်။
မော်တော်ဆိုင်ကယ်ခမောက်ဆောင်း လူငယ်အမျိုးသား ၂ ဦးက သီရိမြိုင်ဘုရားအနီးအနားရှိ “ရွှေမြို့တော်” ရွှေဆိုင်အတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး ဓားထောက်လုယက်ခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့ရသည်။
ဆိုင်ဝန်ထမ်းအမျိုးသမီးများ သတ္တိရှိရှိပြန်လည်ခုခံသောကြောင့် ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်နေသောလူငယ် ၂ ဦး ထွက်ပြေးခဲ့ပုံကိုလည်း CCTV တွင် မြင်တွေ့ရသည်။
အဆိုပါဖြစ်စဥ်တွင် ရွှေလက်ကောက် ၅၀ ကွင်းဝန်းကျင်ခန့် လုယက်ခံသွားရသည်ဟု သတင်းအမျိုးမျိုးပြန့်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက သီရိမြိုင်ရပ်ကွက် ၁၂ လမ်းထိပ်ရှိ ရွှေအုန်းပင်ရွှေဆိုင်ကိုလည်း ဆိုင်ကယ်စီးအမျိုးသားတစ်ဦး နေ့ခင်းကြောင်တောင်အချိန်တွင် သေနတ်ပြလုယက်ခဲ့ဖူးကြောင်း သတင်းများက ဖော်ပြသည်။