ရခိုင်ဒေသ မိုခါမုန်တိုင်းကယ်ဆယ်ရေးအတွက် မွန်ပြည်သစ်ပါတီ NMSP က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA သို့ မေ ၂၅ ရက်နေ့က ငွေကျပ်သိန်း ၅ ရာ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
“မုန်တိုင်းလေဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုလိုမိတ်ဆွေပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် မိမိတို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်” ဟု ရက္ခိုင်ပြည်သူလူထုကိုယ်စား ULA ဥက္ကဌ ထွန်းမြတ်နိုင် လက်မှတ်ရေးထိုးထားသည့် ကျေးဇူးတင်လွှာကို ARAKAN ARMY Website တွင် ဖော်ပြထားသည်။
ရခိုင်ဒေသသို့ ယခုမေလ ၁၄ နေ့က အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကြီးမားစွာပျက်စီးဆုံးရှုံးခဲ့ရပြီး မုန်တိုင်းဒဏ် နောက်ဆက်တွဲ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လူသားချင်းစာနာထောက်ထားမှုဖြင့် မွန်ပြည်သစ်ပါတီက ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။
အလားတူ မွန်ရဟန်းသံဃာတော်များဦးစီးသည့် မွန်ဒေသလုံးဆိုင်ရာ ရာမညပရဟိတအသင်းကလည်း ရခိုင်ဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အလှူငွေများကောက်ခံလျက်ရှိပြီး သက်ဆိုင်ရာရခိုင်အသင်းအဖွဲ့များသို့ မကြာမီ လှူဒါန်းသွားမည်ဖြစ်ကြောင်း နှိုးဆော်စာအရ သိရသည်။