ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာ ကုန်ထုတ်စခန်း တာဝန်ခံဖြစ်သူ လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင်မှာ ပြီးခဲ့သည့် ဧပြီလ (၂၉) ရက်နေ့၊ နံနက် (၁၁) နာရီခွဲအချိန်ခန့်က ၎င်းနေထိုင်ရာ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာရှိ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဦးစင်းအောင် မှာ ဘီးလင်းမြို့နယ် ယက္ကန်းသည်မကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး၊ ၎င်း၏နေအိမ်တွင် စားသောက်ဆိုင် နှင့် KTV ဖွင့်လှစ်ထားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“စားသောက်ဆိုင်မှာ စားသောက်ပြီးမှ သေနတ်နဲ့ပစ်သတ်သွားတာ။ ပိုက်ဆံတောင် ရှင်းမသွားဘူးလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
PDF အဖွဲ့မှ ပစ်သတ်သွားသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များက ရေးသားထားသော်လည်း မည်သည့် PDF အဖွဲ့ဖြစ်သည်ကို အသေးစိတ်ရေးသားဖော်ပြခြင်း မရှိပေ။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးစင်းအောင် မှာ နောက်ကျောတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ (၁၈) ရက်နေ့ကလည်း နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ငြိမ်း မှာလည်း သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။