ဗညားအောင်
မွန်ပြည်သူ့တပ်ဦး ဥက္ကဌ ပထစအစိုးရ ဝန်ကြီးဟောင်း နိုင်အောင်ထွန်းသည် ရန်ကုန်မြို့၌ အကျယ်ချုပ်ကျခံနေရစဥ် အဆုတ်ကင်ဆာရောဂါ အသည်းအသန်ဖြစ်လာသောအခါ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၏ စီစဥ်ညွှန်ကြားမှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ယူဆောင်လာပြီးနောက် ၁၉၇၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။
ထိုစဥ်က မော်လမြိုင်မြို့ မြေနီကုန်းသုဿာန်၌ စျာပနအခမ်းအနား မီးသင်္ဂြိုလ်ခဲ့သော်လည်း နိုင်အောင်ထွန်း၏ အုတ်ဂူ မပြုလုပ်ခဲ့ပေ။ အထင်ကရ မွန်မျိုးချစ် ဆရာတော် (၃) ပါးက လှို့ဝှက်စျာပနကော်မတီတစ်ရပ်ဖွဲ့စည်း၍ ကြွင်းကျန်ခဲ့သော နိုင်အောင်ထွန်း၏ အရိုးပြာကို အိုးတစ်လုံးအတွင်း သိမ်းထည့်ကာ လုံခြုံစိတ်ချသောနေရာများ၌ ရွှေ့ပြောင်း၍ ထိန်းသိမ်းစောင့်ရှောက်လာကြသည်။
ယင်းလှို့ဝှက်စျာပနကော်မတီတွင် မွန်ပြည်သူ့တပ်ဦးခေါင်းဆောင်ဟောင်းများ ဖြစ်ကြသော နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင်နှင့် မျိုးချစ်ပုဂ္ဂိုလ်အချို့တို့လည်း ပါဝင်နေကြသည်။
အထူးသဖြင့် မော်လမြိုင်တော်ပေါ်တန်းရှိ ဝေဠုဝန်ကျောင်းထိုင်ဆရာတော် အသျှင်ပုပ္ဖ၊ မရမ်းကုန်းရပ်ကွက် မဂ္ဂင်လမ်းရှိ သဘေႅာလဲ ကျောင်းထိုင်ဆရာတော် အသျှင်သိဃႅ၊ ကမာဝက်ဓါတ်တော်ကျောင်းထိုင်ဆရာတော် အသျှင်ပါလိတ စသည့် အထင်ကရ ထိပ်တန်းမွန်မျိုးချစ်ဆရာတော် (၃) ပါးတို့က နိုင်အောင်ထွန်းအား မွန်အမျိုးသားခေါင်းဆောင်ကြီး အာဇာနည်တစ်ဦးအဖြစ် အလေးအမြတ်ပြုထားကြပြီး ၄င်း၏အရိုးအိုးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် မှတ်ယူကာ တစ်လှည့်စီ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ပျံလွန်တော်မူပြီးဖြစ်သော ထိုဆရာတော် (၃) ပါးတို့သည် အထူးသဖြင့် မျိုးချစ်စိတ်ဓါတ်အလွန်ပြင်းထန်ခဲ့ပြီး အစိုးရတို့သတ်မှတ်ထားသော ဥပဒေဘောင်အတွင်းမှဖြစ်စေ ဥပဒေပြင်ပမှဖြစ်စေ လက်တွေ့ကျကျ ဦးဆောင်လှုပ်ရှား ကြသူများ ဖြစ်သောကြောင့် မွန်အမျိုးသား နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်တိုင်းက အထူးကြည်ညို လေးစားကြသည်။ မွန်အမျိုးသားရေးနှင့်ပတ်သက်လျင် အာဏာပိုင်များစိတ်ကွက်မည်ကို အထူးစိုးရိမ်ကြောက်ရွံ့နေသော ဆရာတော်များမဟုတ်သလို အစိုးရအာဏာပိုင်များ၏ အရေးပေးမှုကို ခံယူလိုသည့် ဆရာတော်များလည်း မဟုတ်ကြပေ။ အမျိုးသားရေးအတွက်ဆောင်ရွက်ရာတွင် အချုပ်ထောင်ကျမည်ကိုလည်း စိုးရိမ်သူများလည်း မဟုတ်ပေ။
မွန်သမိုင်းနှင့် ပရိယတ္တိစာပေတွင် ထူးချွန်ကြ၍ ခေတ်ကာလ၏ နိုင်ငံရေး၊ အသိအမြင် ဗဟုသုတကြွယ်ဝသဖြင့် မွန်ပညာတတ်အသိုင်းအဝိုင်းကြား၊ စီးပွားရေးလုပ်ငန်းရှင်များအကြား သြဇာအလွန်ညောင်းသော ဆရာတော်များ ဖြစ်ကြသည်။ မွန်လူငယ်များစွာ တက္ကသိုလ်ကျောင်းတက်နိုင်ရေးနှင့် မွန်တော်လှန်ရေးခေါင်းဆောင်တို့ကို မွေးထုတ်ပေးခဲ့သူများ ဖြစ်ကြသည့်အလျှောက် အာဏာပိုင်များက အမြဲမပြတ်စောင့်ကြည့်နေရသည်။
နိုင်အောင်ထွန်းအရိုးအိုးကို ဆရာတော် (၃) ပါးတို့က ထိန်းသိမ်းထားစဥ်ကာလအတွင်း ထောင်ကျခဲ့သည်မှာ တိုက်ဆိုင်မှုများဟု ယူဆစရာဖြစ်သည်။ ဝေဠုဝန်ကျောင်းထိုင်ဆရာတော် အသျှင်ပုပ္ဖသည် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင် ၂ နှစ်ချခံရပြီး ၁၉၇၄ တွင် လွတ်မြောက်ခဲ့သည်။ သဘေႅာလဲကျောင်းထိုင် ဆရာတော် အသျှင်သိဃႅနှင့် ကမာဝက်ဓါတ်တော် ကျောင်းထိုင်ဆရာတော် အသျှင်ပါလိတတို့သည် မွန်ဘာသာဖြင့် “လိက်ဂတာပ်ခေတ်” မဂ္ဂဇင်းစာအုပ်ထုတ်ဝေမှုကြောင့် ပုံနှိပ်အက်ဥပဒေအရ ၁၉၇၅ ခုနှစ်တွင် ထောင် ၂ နှစ်ကျော် ကျခံလိုက်ရပြန်သည်။
သို့ရာတွင် အခက်အခဲအမျိုးမျိုးကြားက မွန်အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး၏ အရိုးအိုးကို ၂၇ နှစ်ကြာကာလအထိ ဆရာတော်များက မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည်။ ဆရာတော်များဖမ်းဆီးထောင်ချခံရစဥ်တွင် နိုင်အောင်ထွန်း၏ အရိုးအိုးကိစ္စကို စစ်ထောက်လှန်းရေးက စစ်ကြောရေးလုပ်ခဲ့သေးသည်။ ထို့ကြောင့် အာဏာပိုင်များ သိမ်းယူသွားမည်ကို စိုးရိမ်ရသဖြင့် အရိုးအိုးကို လှို့ဝှက်နေရာများမှ အဆင့်ဆင့် ပြောင်းရွှေ့ထားရှိလာခဲ့ရသည်။ မူလက ဆရာတော်ပုပ္ဖ သီတင်းသုံးသည့်နေရာ ဝေဠုဝန်ကျောင်းတိုက် မြေအောက်တစ်နေရာတွင် လှို့ဝှက်စွာမြှုပ်နှံထားခဲ့ရာမှ ဆရာတော်အဖမ်းခံရသဖြင့် ကတိုးကျောင်း၊ ဒူးယားကျောင်းသို့ အဆင့်ဆင့် ပြောင်းရွှေ့ခဲ့ရသည်။ နောက်တဖန် ဝေဠုဝန်ကျောင်းတိုက်၏ တံစက်မြိတ် အောက်တွင် ပြန်လည်မြှုပ်နှံထားရှိခဲ့ရပြန်သည်။
၁၉၉၅ ခုနှစ်က မွန်ပြည်သစ်ပါတီနှင့် နဝတအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်းတွင် အစိုးရနှင့် မွန်နိုင်ငံရေးသမားတို့အကြား ဆက်ဆံရေးမှာ သဘောထားပြောင်းလဲလာ၍ တမျိုးတဖုံ ကောင်းမွန်လာခဲ့သည်။ ယင်းကဲ့သို့ အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ဆက်ဆံရေးပြေလည်နေသည့်အချိန်ကာလ အခွင့်အခါကောင်းကို သုံးသပ်၍ နိုင်အောင်ထွန်း၏ လှို့ဝှက်စျာပနကော်မတီဝင် မွန်ဆရာတော်တို့သည် ပငကျေးရွာရှိ ကြက်တိန်ညင် ဘုရားကုန်းမြေပေါ်၌ အမှတ်တရအုတ်ဂူပြုလုပ်စေပြီး အရိုးအိုးကို လူမြင်ကွင်းတွင် ဌာပနာထားရှိရန် စီစဥ်ကြလေသည်။ တချိန်က မွန်ပြည်သူ့တပ်ဦး ဌာနချုပ်တည်ဆောက်ခဲ့သည့်နေရာတွင် နောင်လာနောက်သားများ မွန်တော်လှန်ရေးကို အမှတ်ရစေခြေင်းငှာ နိုင်အောင်ထွန်း၏ အုတ်ဂူအမှတ်တရထားရှိသွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် မော်လမြိုင် ဝေဠုဝန်ကျောင်းတိုက်မှ ပြန်လည်တူးဖော်လာသည့် အရိုးအိုးကို ဆရာတော်များ ဦးဆောင်ပြီး ၁၉၉၆ ခုနှစ် ဧပြီ (၂၉) ရက်နေ့တွင် အခမ်းအနားဖြင့် နိုင်အောင်ထွန်း၏ ဇာတိမြေပငရွာသို့ သယ်ဆောင်လာခဲ့ကြသည်ဟု နိုင်တင်အောင်က ဆိုသည်။
“ဆရာတော် (၃) ပါးစလုံးပါတယ် ဆရာနိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင်တို့နဲ့ တပည့်တွေ ရယ်၊ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ပင မွန်စာပေယဥ်ကျေးမှုအဖွဲ့တို့ပူးပေါင်းပြီး မော်လမြိုင်ကနေ ပငအထိ အဖေ့အရိုးအိုးကို အခမ်းအနားနဲ့ သယ်ယူလာကြတယ်”
ပငကျေးရွာအဝင် ကြက်တိန်ညင်ဘုရားလမ်းဝသို့ ရောက်သောအခါ မွန်စာပေယဥ်ကျေးမှုအဖွဲ့နှင့်အတူ ပငရွာသားများက နိုင်အောင်ထွန်း အရိုးအိုးကို ဆရာတော်များထံမှ အခမ်းအနားဖြင့် လွှဲပြောင်းလက်ခံ ရယူခဲ့ပြီးနောက် အုတ်ဂူတည်ထားရာသို့ ဌာပနာပြုကြလေသည်။
ထိုအချိန်ကာလမှစတင်၍ နှစ်စဥ်ဧပြီလ ၂၉ ရောက်လေတိုင်း မွန်အမျိုးသားခေါင်းဆောင် နိုင်အောင်ထွန်း၏ ဂါရဝပြုပွဲနှင့် အောက်မေ့ဘွယ်အခမ်းအနားများကို ပငကျေးရွာ မွန်စာပေနှင့်ယဥ်ကျေးမှုကော်မတီမှ ဦးဆောင်၍ အစဥ်အလာမပျက် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
မွန်အမျိုးသားခေါင်းဆောင်ကြီး၏ အုတ်ဂူကို ကြက်တိန်ညင်ဘုရားကုန်းပေါ်၌ ထားရှိခြင်းမှာ ခေတ်သစ်မွန်အမျိုးသားတော်လှန်ရေး၏ အမှတ်သကေႅတ တချိန်က မွန်ပြည်သူ့တပ်ဦးဗဟိုဌာနချုပ်ရုံး တည်ရှိခဲ့သောနေရာကို မွန်ပြည်သူများအနေဖြင့် အမှတ်ရနေစေရန်ဖြစ်သည်ဟု နားလည်မိပါသည်။
*နိုင်တင်အောင် သို့မဟုတ် ဖခင်သမိုင်းကြွေးပေးဆပ်လေသူ တလနွန်……..မှ