ဗညားအောင်
၁၉၆၈ ခု နိုဝင်ဘာ ၂၉ ရက်တွင် ဝန်ကြီးဟောင်း နိုင်အောင်ထွန်း အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပထစအစိုးရဝန်ကြီးအားလုံးကို အင်းစိန်ထောင်မှတဆင့် ပြန်လွှတ်ပေးခဲ့သည်။
နိုင်အောင်ထွန်းကို ရန်ကုန်မြို့၌ ပြန်လွှတ်ပေးသည့်အချိန်တွင် မော်လမြိုင် ထောင်မှ နိုင်ထွန်းသိန်း တစ်ဦးတည်းကို အာဏာပိုင်များ ပြန်လွှတ်ပေး ခဲ့သော်လည်း နိုင်ဆိတ်နို့၊ နိုင်ချမ်းမွန်၊ နိုင်ကွန်ဗလိုင်၊ ဗိုလ်ကျောင်၊ နိုင်တင်အောင်တို့ ၅ ဦးက ထောင်ထဲမှာ ဆက်လက်ကျန်ရှိနေခဲ့သည်။
သို့ရာတွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်အောင်ထွန်းကို မော်လမြိုင်သို့ ပြန်ခွင့်မပြုဘဲ ရန်ကုန်မြို့ပေါ်မှာသာ ဆက်ပြီးနေထိုင်သွားရန် ခြေချုပ်အမိန့် တရပ်ချထားလိုက်ပြန်သည်။
နိုင်တင်အောင်က “အဖေ့ကိုတော့ ရန်ကုန်မြို့ထဲမှာ ကြိုက်တဲ့နေရာသွား၊ ဒါပေမယ့် မြို့အပြင်ဘက်တွေကိုတော့ လုံးဝသွားလာခွင့်မပြုပါဘူး၊ သူနေ ဖို့အတွက် ဗိုလ်ချုပ်နေဝင်းက ရန်ကင်းမှာ တိုက်ခန်းငယ်တစ်လုံးပေးထား တယ်၊ မော်လမြိုင်ထောင်မှာရှိနေတဲ့ ကျနော်တို့ ၅ ယောက်ကို မိသားစုတွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ပြုလာတယ်၊ နှစ်ပတ်တစ်ခါ ရက်သတ်မှတ် ပေးတယ်၊ အဲဒီမတိုင်ခင် ထောင်ထဲရောက်နေတဲ့ ၅ နှစ်အတောအတွင်းမှာ မိသားစုဝင်တစ်ဦးတစ်လေနဲ့မှ ကျနော်တို့ ထောင်ဝင်စာတွေ့ခွင့် မရခဲ့ကြပါဘူး” ဟု ဆိုသည်။
ရန်ကင်း၌ ဧည့်ခန်းနှင့် အိပ်ခန်း ၂ ခန်းပါဝင်သည့် တိုက်ခန်းငယ်တစ်ခုတွင် နိုင်အောင်ထွန်းနှင့်အတူ ဇနီးမိအေးစိန်၊ သားများဖြစ်ကြသော စိုးညွန့်၊ သိန်းညွန့်၊ ဇင်ဌေးအောင်တို့ အတူနေထိုင်ကြသည်။
နိုင်ငံတော်၏ (၃၃) ဦးအကြံပေးကော်မတီ တာဝန်များပြီးဆုံးသောအခါ နိုင်အောင်ထွန်းသည် အဆုပ်တွင် ရောဂါဝေဒနာတစ်ရပ်ကို ပြင်းထန်စွာ ခံစားလာရသည်။ နိုင်အောင်ထွန်းသည် တစ်နေ့လျှင် စီးကရက်အလိပ် ၅၀ နီးပါးသောက်ခဲ့သူ ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆေးစစ်သည့်အခါ တီဘီရောဂါမဟုတ်ဘဲ အဆုပ်ကင်ဆာရောဂါဟု သိလာရသည်။ အဆုပ်မှ နေ၍ အမြစ်တွယ်လာသည့်ကင်ဆာပိုးသည် Secondary အဖြစ် အသည်း ကင်ဆာဘက်သို့ ကူးစက်ခဲ့လာခြင်းဖြစ်သည်။
ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသနေရသည်။ ရန်ကုန်မှ မွန် တက္ကသိုလ်ကျောင်းသားများဖြစ်ကြသော မင်းမြင့်ဆွေ၊ မင်းမောင်တိုး၊ ဗညားအောင်မိုးနှင့် မျိုးချစ်ကျောင်းသားတစ်စုတို့က လူနာစောင့်အဖြစ် အလှည့်ကျ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုမှတဆင့် ကုသ၍မရနိုင်သည့်အခြေအနေသို့ ရောက်လာသောအခါတွင် မော်လမြိုင်မြို့သို့ ပြန်ခွင့်ပြုရန် ဗိုလ်ချုပ်ကြီးနေဝင်းကို နိုင်အောင်ထွန်း ကိုယ်တိုင်တောင်းဆိုခဲ့သည်ဟု ဆိုသည်။
“အဖေ အတော်လေး နေမကောင်းဖြစ်တော့ သူသေတဲ့အခါ သူ့မွေးရပ်မွန်မြေမှာ ခေါင်းသွားချချင်တယ် သူ့အရိုးကိုမြှုပ်နှံထားချင်တယ်ဆိုပြီး အဖေ ကိုယ်တိုင်တောင်းဆိုခဲ့တာကို ဗိုလ်ချုပ်နေဝင်းက ခွင့်ပြုပေးခဲ့ပါတယ်၊ ဒါနဲ့ အဖေ့အတွက် လိုလေသေးမရှိစေရအောင် ကောင်းကောင်းမွန်မွန်လည်း သူဆောင်ရွက် ပေးခဲ့ပါတယ်” ဟု နိုင်တင်အောင်က ဖြည်းဖြည်းချင်း ပြောသည်။
အဆုပ်ကင်ဆာရောဂါဝေဒနာခံစားနေရသည့် နိုင်အောင်ထွန်းကို အထူးမီးရထားတွဲဖြင့် ရန်ကုန်မှ မုတ္တမဘူတာသို့ သယ်ဆောင်လာ၍ တဖန် သံလွင်မြစ်ကို သီးသန့်မော်တော်ဘုတ်ဖြင့် ကူးလာပြီး မော်လမြိုင်ဆေးရုံကြီး၏ အထူးကြပ်မတ်ဆောင်တစ်ခု၌ ဆက်လက်ကုသခဲ့သည်။
တစ်နေ့တွင် ထောင်ပိုင်ကြီးလာခေါ်သဖြင့် စစ်ထောက်လှန်းရေးအရာရှိ ဗိုလ်ကြီးကံညွန့်နှင့် နိုင်တင်အောင်တို့ ထောင်ပိုင်ကြီးရုံးခန်း၌ တွေ့ဆုံစကားပြော ကြသည်။
“ခင်ဗျားအဖေ အသည်းအသန်ဖြစ်နေပြီ မော်လမြိုင်ကို ယူလာခဲ့ပြီ၊ ခင်ဗျားအဖေကို သွားတွေ့လိုက်ပါ၊ သူနေမကောင်း ဖြစ်နေချိန်မှာ သူ စိတ်ချမ်းအောင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ပြုစုပေးထားပါလို့ တိုင်းမှူး ကျနော့ကို မိန့်မှာခဲ့တယ်၊ ဒါကြောင့် ခင်ဗျားကို လာခေါ်တာလို့ ထောက်လှန်းရေးအရာရှိက ပြောတယ်” ဟု နိုင်တင်အောင်က ဆိုသည်။
ထိုနောက် မော်တော်ကားတစ်စီးဖြင့် နိုင်တင်အောင်ကို ဗိုလ်ကြီးကံညွန့် က ထောင်မှခေါ်ထုတ်သွားခဲ့သည်။ နိုင်တင်အောင်၏ ဘေးမှာ စစ်သား နှစ်ယောက်ညှပ်ထိုင်စေ၍ ရှေ့နောက်ဘက်မှာလည်း နှစ်ယောက်စီ ကပ်ထိုင်ထားပြီး ကားဒရိုင်ဘာက ဆေးရုံကြီးဘက်သို့ မောင်းနှင်သွားလေ၏။
သို့ရာတွင် ဆေးရုံကြီးသို့ရောက်သောအခါ လူနာကိုမတွေ့ရပေ။ လူနာ အသည်း အသန်ဖြစ်လာ၍ လွန်ခဲ့သည့် ၃ ရက်က အိမ်သို့ယူဆောင်သွားပြီဟု လူ နာခန်းသန့်ရှင်းရေး ဆောင်ရွက်နေသည့် ထမီအပြာဝတ် မွန်အမျိုးသမီး သူနာပြု ဆရာမက နိုင်တင်အောင်ကို မွန်လိုတိုးတိုးလေးလာ၍ ပြောသည်။ ထိုနောက် အားလုံးမော်တော်ကားပေါ်ပြန်တက်၍ အမှတ် (၁၅) သိပ္ပံလမ်း၊ ထားဝယ်စုရပ်ကွက်ရှိ နေအိမ်သို့ ဆက်သွားကြသည်။
“လိုက်ပို့တဲ့ ထောက်လှန်းရေးအရာရှိကတော့ အေးဗျာ စိတ်မကောင်းဘူး၊ ခင်ဗျားအဖေ အိမ်ကိုယူချသွားတာ ဆုံးသွားပြီလို့ပြောတော့ ကျနော်ကလည်း ပြီးရောပေါ့ဗျာလို့ ပါးစပ်မှ အလိုလိုပြန်ပြောမိခဲ့တယ်” ဟု နိုင်တင်အောင်က ဆိုသည်။
နိုင်အောင်ထွန်း မော်လမြိုင်မြို့ကို ရောက်လာကတည်းက မကွယ်လွန်မီ အချိန်လေးတွင် သားဖြစ်သူ နိုင်တင်အောင်နှင့် ဆုံတွေ့ပေးရန် တိုင်းမှူးက စီစဥ်ပေးမည်ဆိုသော်လည်း သားနှင့်အဖတို့နှစ်ဦးတို့ အသက်ရှင်လျက်တွေ့ခွင့် မရခဲ့သည်ကို နိုင်တင်အောင်တစ်သက်လုံး ယူကြုံးမရဖြစ်နေမိသည်။
“အမေတို့နေတဲ့ ထားဝယ်စုအိမ်ကို ကျနော်အိမ်ရောက်သွားတဲ့ အချိန်မှာ အဖေရုပ်အလောင်းကို နေရာတစ်ခုမှာပြင်ဆင်ပြီးထားပြီးပြီ၊ အရင်ဦးဆုံး ဆရာနိုင်ဖိုးစိန်နဲ့ ဆရာနိုင်ထွန်းခင်တို့ ရောက်နေတာတွေ့ရတယ်၊ အမေ ကျနော့ကို တွေ့တာနဲ့ လွန်ခဲ့တဲ့သုံးလေးရက်ကတည်းက “နိုင်”ရောက်လာ လိမ့်မယ်လို့ “နိုင်” အဖေမျှော်နေခဲ့တာ၊“နိုင်” ကြိုက်တဲ့ဒံပေါက်ကို မနေ့က နှစ်ထုပ်အော်ဒါမှာပြီး ဝယ်ထားခိုင်းသေးတယ်၊ ပြီးတော့ “နိုင်”ကြိုက်တဲ့ ကျွဲကောသီးပါ ဝယ်ထားပေးတယ်လို့ အမေပြောပါတယ် ” ဟု တစ်စုံတစ်ခုကို ခံစားနေရသလို နိုင်တင်အောင်က ပြန်ပြောသည်။
မွန်ပြည်သူ့တပ်ဦးဥက္ကဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း အသက် (၅၇) နှစ်သည် ဧပြီလ ၂၉ ရက်(၁၉၇၀ ခုနှစ်) နံနက်စောစောမှာ မော်လ မြိုင်နေအိမ်၌ကွယ်လွန်ခဲ့ပြီး နောက်တစ်နေ့တွင် ထားဝယ်စုရပ်ကွက်နေ အိမ်၌ စျာပနအခမ်းအနားပြုလုပ်၍ မြေနီကုန်းသုဿာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်မည့်သတင်းသည်လည်း မွန်လူထုအသိုင်းအဝိုင်းကြားမှာ တမဟုတ်ချင်း ပြန့်လွင့်သွားလေတော့သည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ထောင်နှင့်ချီသော မွန်ပြည်သူများသည် နိုင်အောင်ထွန်းစျာပနအခမ်းအနားကျင်းပရာ မော်လမြိုင်မြို့ပေါ်သို့ ရုတ် တရက်စုရုံးရောက်ရှိလာကြသဖြင့် လူထုချီတက်ပွဲအလား အာဏာပိုင်များ အဖို့ သတိပြုစရာ အကြောင်းအရာတစ်ခု ဖြစ်သွားခဲ့ပြန်သည်။
“နောက်တစ်နေ့မနက်ပိုင်းမှာ ထောင်ကနေ ကျနော့ကို ထောက်လှန်းရေး အရာရှိက လာခေါ်ထုတ်သွားပြန်တယ်၊ အဖေ့စျာပနလိုက်ပို့ဖို့ တိုင်းမှူး မှာကြားထားတယ်လို့ ပြောတယ်၊ အဖေ့ခေါင်းတလားရှေ့ကနေပြီး ကျနော်က သွားချင်လား နောက်ကလိုက်သွားမှာလားလို့ သူတို့ကမေးတယ်၊ ခေါင်းတလား နောက်ကနေ မြေနီကုန်းသုဿန်အထိ လိုက်သွားမယ်၊ မီးသင်္ဂြိုဟ် ပြီးတော့ အရိုးကောက်မယ် ညနေအိမ်မှာထမင်းစားပြီး ထောင်ကိုပြန်မယ်လို့ ကျနော်ပြောလိုက်တယ်၊ တကယ်မှာတော့ ပြောထားသလို ဖြစ်မလာပါဘူး” ဟု နိုင်တင်အောင်က ညီးညူရင်း ပြောဆိုသည်။
မွန်းလွဲတစ်နာရီအချိန်ခန့်တွင် ထားဝယ်စုနေအိမ်မှ နိုင်အောင်ထွန်း၏ စျာ ပန စတင်ထွက်ခွာသည်။ ထင်မှတ်ထားသည်ထက် လူအလွန်များပြားလွန်း သဖြင့် အာဏာပိုင်များမှာလည်း ရုတ်တရက်မျက်ဆံပြူးနေကြကုန်၏၊
ထောက်လှန်းရေးအရာရှိကားဖြင့် စျာပနခေါင်းတလားနောက်မှလိုက်၍ နိုင်တင်အောင်ကို တင်ဆောင်သွားလေသည်။
မြေနီကုန်းသုဿာန်သို့ သွားသည့်လမ်းတလျှောက်ကုန်းပေါ်တွင် စစ်သား အစောင့်များကို မသိမသာတွေ့မြင်နေရသလို သာသနာ ၂၅၀၀ ဗိမာန်နှင့် မြေနီကုန်းလမ်းခွဲရှိ သစ်ပင်တစ်ပင်ပေါ်မှာ ဗိုလ်ကြီးကံညွန့်က စျာပန အခမ်းအနား လာတက်ရောက်သူများ၏ အခြေအနေအား စောင့်ကြည့် လေ့လာနေသည်ကို ကားပေါ်မှ လိုက်ပါလာသော မင်းတင်အောင်က လှမ်းမြင်နေရ၏။
တချိန်တည်းမှာပင် ဗိုလ်ကြီးကံညွန့်က အချက်ပြသဖြင့် မင်းတင်အောင် လိုက်ပါလာသည့်ကားသည် စျာပနပို့ဆောင်သည့်လူတန်းရှည်ကြီးမှ ရုတ်တရက် ခွဲထွက်လာကာ မော်လမြိုင်ထောင်ဘက်ဆီသို့ တန်း၍ အမြန် မောင်းနှင်လာခဲ့သည်။
ထောင်ရှေ့ရောက်လာ၍ ကားပေါ်မှဆင်းသည်နှင့် ဗိုလ်ကြီးကံညွန့်လည်း သူ၏ ကားပေါ်မှပြေးဆင်းလာကာ မင်းတင်အောင်ကို တောင်းပန်စကား ပြောဆိုခဲ့သည်။
“ကျနော်စိတ်မကောင်းဘူးဗျာ ခင်ဗျားကို အစအဆုံးအထိ ပို့ပေးမယ်လို့ ပြောထားပြီးမှ အခုခင်ဗျားကို တစ်ပိုင်းတစ်စနဲ့ ခေါ်ထုတ်လာရတာ ကျ နော်စိတ်မကောင်းဘူးဗျာလို့ ဗိုလ်ကြီးကံညွန့်ကပြောတော့ ကျနော်လည်း ခင်ဗျားတို့လက်ခုပ်ထဲကရေပဲဗျာ ကြိုက်သလိုလုပ်လို့ရတယ် မထူးပါဘူး လို့ ပြောလိုက်မိတယ် ပြီးတော့ထောင်ထဲကို ဝင်လိုက်တယ်”ဟု နိုင်တင်အောင်က ပြောသည်။
ဖခင်၏ စျာပနအခမ်းအနားပြီးဆုံးသည်အထိ လိုက်ပါခွင့်မရလိုက်သည်ကို စိတ်မကောင်းဖြစ်နေမိသော်လည်း မြေနီကုန်းသုဿာန်၌ မီးသင်္ဂြိုဟ်ခြင်း ကိစ္စ ချောမွေ့စွာ ပြီးမြောက်ခဲ့လေသည်။
ထိုနောက် နိုင်အောင်ထွန်း၏ အရိုးအိုးကို အထင်ကရ မွန်ဆရာတော်ကြီး များက လုံခြုံ သောနေရာတစ်ခုသို့ ယူဆောင်သွားကာ လှို့ဝှက်စွာသိမ်းထား လိုက်ကြသည်။ မော်လမြိုင်မြို့ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် အရှင်ပုပ္ဖ၊ သဘေႅာလဲကျောင်းတိုက် ဆရာတော် အရှင်သိဃႅ၊ ကမာဝက်ဓါတ်တော်ကျောင်းဆရာတော် အရှင်ပါလိတတို့က အရိုးအိုးက တလှည့်စီတာဝန်ယူ၍ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။
- နိုင်တင်အောင် သို့မဟုတ် ဖခင်၏သမိုင်းကြွေးဆပ်လေသူ တလနွန်…..မှ
Photo Crd. Mi Lin Yadanar Lwin