ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်များ ယခုနှစ် ၆ လအတွင်းမှာပင် ဈေးနှစ်ဆကျော်မြင့်တက် မော်လမြိုင်မြို့ရှိ ဟင်းသီးဟင်းရွက်ဒိုင်များနှင့် အခြေခံစားသောက်ကုန်များရောင်းချနေသည့် ဈေးဆိုင်များထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ဂေါ်ဖီထုပ် ၏ လက်ကားဈေးနှုန်းမှ အချိန် (၁၀၀) လျှင် အနိမ့်ဆုံး ငါးသောင်းကျပ်မှ တစ်သိန်းကျပ်ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင်မူ အနိမ့်ဆုံး ကျပ်တစ်သိန်း နှင့် အမြင့်ဆုံး ကျပ် နှစ်သိန်းလေးသောင်းကျော်အထိရှိနေကြောင်း မော်လမြိုင်မြို့မှ ဟင်းသီးဟင်းရွက်လက်ကား ဒိုင်တစ်ဦးက ပြောကြားသည်။
“ဂေါ်ဖီထုပ်မှမဟုတ်ဘူး။ မုန်ညှင်း၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဆလပ်ရွက်၊ ကိုက်လန် ဟင်းသီးဟင်းရွက်အကုန်ဈေးတက်တာပါ။ ချဉ်ပေါင်ရွက်တို့၊ ကန်စွန်းရွက်တို့ဆိုရင်လည်း ဈေးတက်တယ်။ ပြီးခဲ့တဲ့ (၆) လအတွင်းမှကို ဈေးနှုန်းတွေက နှစ်ဆကျော်ကျော်လောက်ကိုမြင့်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်သွားခြင်းမှာ ပစ္စည်းများပြတ်လပ်ခြင်းအပြင်၊ သက်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ အလုပ်သမားစရိတ်ပိုများလာခြင်းအပြင်၊ ကုန်ပစ္စည်းများသယ်ဆောင်ရာလမ်းတလျှောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအား ငွေကြေးပေးနေရသည့်အတွက်ကြောင့်လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ဟင်းသီးဟင်းရွက်ဈေးနှုန်းများမြင့်တက်နေသည့်အတွက်ကြောင့် အခြေခံလူတန်းစားများအတွက် စားရေးသောက်ရေးအတွက်ပိုမိုခက်ခဲလာကြောင်း အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
“အရင်က ပိုက်ဆံသုံးသောင်းလောက်နဲ့က ဟင်းသီးဟင်းရွက်တွေ တစ်ပတ်စာဝယ်ထားပြီး ချွေတာစားလို့ရသေးတယ်။ အခုက ပိုက်ဆံသုံးသောင်းက သုံးလေးရက်စာလောက်ဘဲရတော့တယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်များ နှစ်စီးလျှင် ငါးရာကျပ်၊ ဗူးသီးတစ်စိတ်လျှင် တစ်ထောင်ကျပ်၊ ခရမ်းချဉ်သီးတစ်ဆယ်သား (၈၀၀) ကျပ် စသည်ဖြင့် ဝယ်ယူနေရကြောင်းနှင့် လက်လုပ်လက်စားသမားများဖြစ်သည့်အတွက်ကြောင့် အသားငါးဘက် မလှည့်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်တပ်မှ အာဏာသိမ်းခဲ့သည့် (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းကာလများတွင် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများအပြင်၊ နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများပိုမိုပြင်းထန်လာခြင်းနှင့် လမ်းခရီးများဖြတ်တောက်ခံရခြင်း၊ နယ်မြေများတည်ငြိမ်အေးချမ်းများမရှိခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ သိသာစွာကျဆင်းလာကာ ဟင်းသီးဟင်းရွက် နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းများမြင့်တက်လျှက်ရှိကြောင်း ကုန်သည်များက ဆိုကြသည်။
ထို့အပြင် လက်ကားဈေးများမှ ပြန်လည်ဝယ်ယူပြီး သက်ဆိုင်ရာဈေးများတွင် ပြန်လည်ရောင်းချရာတွင်လည်း ကုန်ကျစရိတ်များ သိသိသာသာမြင့်တက်လာသည့်အတွက်ကြောင့် စားသုံးသူများထံရောက်ရှိအခါ၌ လက်ကားဈေးထက်နှစ်ဆခန့် ထပ်မံမြင့်တက်သွားခြင်းဖြစ်ကြောင်းလည်း သိရသည်။