ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်ရပ်ကွက်၊ (၈) လမ်းတွင် ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ်မှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အဖွဲ့ဝင်ဟောင်း ကိုအောင်ခိုင်၏ နေအိမ်ဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် မသက်ဆိုင်ကြောင်း BGF) တပ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော် က BBC အား ပြောကြားထားချက်များအရ သိရသည်။
“ကျနော်တို့အဖွဲ့နဲ့ မသက်ဆိုင်ပါဘူး။ သူတို့က အရင်က တပ်ဖွဲ့ရဲ့ အမိန့်ကို နားမထောင်ဘဲ သူတို့ဘာသာသူတို့ ရပ်တည်နေကြတာ။ ကျနော်တို့ (၂၀၂၃) ခုနှစ် ပြန်လည်စုဖွဲ့တဲ့ နေရာမှာ သူတို့တွေပါမလာဘူး။ အကြိမ်ကြိမ်ခေါ်လည်း မလာတော့ဘူး။ အဲ့ဒီ ဘုရားသုံးဆူဘက်မှာ BGF နာမည်သုံးပြီး သီးခြားရပ်တည်နေတဲ့ သဘောတော့ရှိတယ်။ ဘုရားသုံးဆူဘက်ဆိုတော့ ကျနော်တို့ အုပ်ချုပ်မှုနဲ့ လွတ်နေတယ်” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားသည်။
ပြီးခဲ့သည့် မေလ (၁၀) ရက် မွန်းတည့်ချိန်က ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်ရပ်ကွက်၊ (၈) လမ်းထောင့်ရှိ ကိုအောင်ခိုင်၏ နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အပြင်၊ ပစ်ခတ်မှုများလည်းဖြစ်ပွားခဲ့သေးကြောင်း ဘုရားသုံးဆူမြို့ခံများက ဆိုကြသည်။
ကိုအောင်ခိုင်မှာ ကတုံး ဆိုသည့်အမည်ဖြင့် လက်နက်ပွဲစားလုပ်နေသူဖြစ်သည်ဟု ဘုရားသုံးဆူမြို့ခံများအကြား လူသိများသူတစ်ဦးဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဲ့ဒီနေ့ မွန်းတည့်ချိန်လောက်မှာ ကိုအောင်ခိုင် (ခ) ကတုံးရဲ့အိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရောက်လာပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်သွားတယ်။ ပြီးတော့ ပေါက်ကွဲမှုဖြစ်တယ်။ နောက်တစ်နေ့ အဲ့ဒီအိမ်ကိုရှင်းလင်းမှုတွေလုပ်ဆောင် မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတစ်လောင်း တွေ့ရတယ်။ နောက်လက်နက်ခဲယမ်းတွေလည်း တွေ့ကြရတယ်” ဟု ပြောကြားသည်။
လက်ရှိ ဘုရားသုံးဆူမြို့အား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့မှ ဦးစီးကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကာ မြို့လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း နှင့် စစ်တပ်မှာ တပ်ကုန်းအတွင်းထဲတွင်သာ ရှိကြောင်း မြို့ခံများထံမှ သိရသည်။