ဘုရားသုံးဆူစစ်ဆေးရေးဂိတ်မှ ကုန်စည်တင်သွင်းမှုများကို အခြေအနေတည်ငြိမ်သွားသည်အထိ ထိုင်းဘက်က ယာယီ ရပ်ဆိုင်းထားဦးမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF 2023 တပ်ရင်းမှ ဂတုံး(ခေါ်) အောင်ခိုင်ဦး နေအိမ်၌ ကရင့်အမျိုးသားလွတ်မြောက်တပ်မတော် KNLA က ယနေ့နေ့လယ်ပိုင်းတွင် Drop ဗုံး ၄ လုံးချတိုက်ဖောက်ကွဲခဲ့ပြီး မိနစ် ၄၀ ကြာခန့် အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့သည်ဟု ထိုင်းသတင်းတစ်ခုတွင် ဖော်ပြခဲ့သည်။
ထိုင်းသတင်း၏အဆိုအရ လက်နက်၊ ကျည်ဆံနှင့် လက်ပစ်ဗုံးများရောင်းချခဲ့သော လက်နက်ပွဲစားဟောင်း ဗိုလ်မှူးလေးဝင်း၏တပည့်ဖြစ်သည့် ဂတုံး(ခေါ်) အောင်ခိုင်ဦးမှာ ဘုရားသုံးဆူဒေသ၌ BGF တပ်ရင်းအသစ်တစ်ခု ထပ်မံဖွင့်လှစ်မည့်အစီအစဥ်ကို KNU က တားမြစ်ခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
သို့ရာတွင် ပစ်ခတ်တိုက်ခိုက်မှုအတွင် ထိခိုက်သေဆုံးသည့်သတင်း မကြားသိရပါ၊
ယင်းပစ်ခတ်မှုကြောင့် ဘုရားသုံးဆူမြို့ မြန်မာဘက်ခြမ်းမှ ပြည်သူ ၁၀၀၀
ဝန်းကျင်ခန့်သည် ဘုရားသုံးဆူရွာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီနယ်စပ်စည်းရိုးများကို ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ထိုင်းစစ်တပ်က အကူအညီပေးခဲ့သည်။
လက်ရှိတွင် KNU, DKBA, BGF, KNU-KNLA-PC နှင့် NMSP မွန်ပြည်သစ်ပါတီ လက်နက်ကိုင်အဖွဲ့ပေါင်းစုံတို့သည် မြန်မာစစ်တပ်နှင့် နားလည်မှုယူ၍ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားသည်`၊ ဘုရားသုံးဆူနယ်စပ်စစ်ရေးဂိတ်ဝင်ငွေများကို မြန်မာစစ်တပ် 30% နှင့် လက်နက်ကိုင်အဖွဲ့ပေါင်းစုံတို့ 70% ခွဲဝေယူကြသည်ဟု စုံစမ်းသိရှိရသည်။