ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နိုင်ထွန်းလင်း (အသက်-၄၀ နှစ်ကျော်- ဖခင် နိုင်ကြာဝီ) ကို မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီး ပစ်ထားခဲ့သောအလောင်းကို ကမ်းနီး-တံတားဦးရွာအကြား တံတားငယ်တခု၌ ယနေ့နံနက်စောစာတွင် ရွာသားများက တွေ့ရှိခဲ့သည်။
အရပ်သားအသွင်ဝတ်ဆင်ထားသော မွန်စကားပြောသည့် တော်လှန်ရေးအဖွဲ့ဝင် (၃) ဦးက ယမန်နေ့ (မေ ၉) ရက် ညနေပိုင်းတွင် မေးမြန်းရန်ရှိသည်ဟုဆိုကာ နိုင်ထွန်းလင်းအား နေအိမ်မှလာရောက်ခေါ်ဆောင်သွားပြီး ယင်းကဲ့သို့ အသက်သေဆုံးခဲ့ရသည်ဟု နီးစပ်သူဆွေမျိုးတစ်ဦးက ပြောသည်။
၄င်းက“လာခေါ်သွားတဲ့ ၃ ယောက်မှာ တစ်ယောက်က မွန်ပဲ၊ ကျန်နှစ်ယောက်က မွန်စကား ကောင်းကောင်း မပီဘူး၊ လုပ်သွားတာက မွန်အဖွဲ့ပဲ ဒါပေမယ့် ဘယ်မွန်အဖွဲ့မှန်း မသိရဘူး” ဟု ဆိုသည်။
မည်သည့်မွန်လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကို မသိရသလို အဆိုပါလုပ်ရပ်အပေါ် တာဝန်ခံမည့် မွန်လက်နက်ကိုင်အဖွဲ့ကိုလည်း မတွေ့ရကြောင်း၊ အခြားလက်နက်ကိုင်အဖွဲ့များသို့ အပြန်အလှန်အပြစ်ပုံလွှဲချရန် Facebook Online ပေါ်တွင် ငြင်းဆိုနေကြသည် တွေ့ရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ကရင်လက်နက်ကိုင်အဖွဲ့မှ ဗျူဟာမှူး စောအယ်စေးဝါးတပ်ဖွဲ့များ ကမ်းနီကျေးရွာရှိ ပြည်သူ့စစ်နေအိမ်အချို့ကို ဝင်ရောက်မီးရှို့ခဲ့ပြီးကတည်းက နိုင်ထွန်းလင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ခဲ့ပြီး ရှောင်ပုန်းနေခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကန်းနီ၊ ကော့ကျိုက်အနီးတဝိုက်လှုပ်ရှားနေသော မွန်တော်လှန်ရေးတပ်ဖွဲ့အချို့က တစ်ရွာလျှင်လူငယ် (၅) ဦး စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်မှူးများကို အသိပေးထားကြောင်း ဒေသခံမွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။
ကျုံဒုံး၊ ကမ်းနီ၊ ကော့ကျိုက် ဒေသတဝိုက်တွင် မွန်လွတ်မြောက်ရေးတပ်ဖွဲ့ MLA, မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) အဖွဲ့၊ ဒေသခံ PDF နှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ ဖြတ်သန်းသွားလာလှုပ်ရှားလျှက်ရှိကြောင်း သတင်းရရှိသည်။