မွန်တိုင်းရင်းသားအစည်းအရုံးနှင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မလရ) တို့သည် မြန်မာပြည် လွတ်လပ်ရေးမရမီ စတင်ဖွဲ့စည်းလာကတည်းကပင် အခြေခံဒေသများ မတူခဲ့ကြပေ။ မွန်လူထုကို ဥပဒေဘောင်အတွင်းမှာ သူ့နည်းသူ့ဟန်ဖြင့် ကြိုးပမ်းကာ စည်းရုံး လှုပ်ရှားလာခဲ့ကြသလို အခြေအနေ၏ တောင်းဆိုလာမှုအရ နောက်ပိုင်းတွင် အစိုးရကို လက်နက်ကိုင်၍ တော်လှန်တိုက်ခိုက်လာရသည့်အခါမှာလည်း နယ်မြေဒေသ သီးခြားစီနေရာမှာ သူ့အစီအစဥ်နှင့်သူ ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသည်။
အတွင်းရေးမှူး နိုင်ငွေသိမ်း ဦးဆောင်သော မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် မော်လမြိုင်ဖက်တကြော ဖားအောက်၊ ဘီလူးကျွန်း၊ ကတိုးကော့နှပ်၊ ပေါင်၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကရိတ်ဘက်မှာ လှုပ်ရှားနေသည်။ ဥက္ကဌ နိုင်အောင်ထွန်း ခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်းအရုံးသည် ကမာဝက်နှင့် ပငရွာသားအများစုပါဝင်နေကြပြီး မုဒုံအောက်ပိုင်း၊ ကျိုက်ခမီ၊ သံဖြူဇရပ်အနီးတဝိုက်တွင် လှုပ်ရှားကြ၍ ကော့ဒွတ်အခြေစိုက် နိုင်ထွန်းမောင်၏ မွန်တပ်ဖွဲ့သည် ရေးမြို့နယ်တစ်ခွင်လုံးမှာ လှုပ်ရှားလာခဲ့သည်။
မျိုးချစ်စိတ်ဓါတ်အပေါ်အခြေခံသော သူရဲကောင်းဝါဒ ထွန်းကားနေပြီး မွန်လက်နက်ကိုင် အဖွဲ့ကြီး အဖွဲ့ငယ်များ အလျှိုလျှို ပေါ်ပေါက်လာခဲ့သလို စစ်ဘုရင်ဝါဒီများလည်း ဒေသအသီးသီး၌ အပြိုင်အဆိုင် အာဏာတန်းခိုးကြီးထွားနေသော ကာလတစ်ခုလည်း ဖြစ်နေခဲ့သည်။
၁၉၅၂ ခုဝန်းကျင်ကာလ၌ မွန်တို့အတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးရာကိစ္စအဝဝတို့ကို ဦးဆောင်နိုင်သည့် အမျိုးသားတော်လှန်ရေးတပ်ဦးတစ်ရပ် တည်ဆောက်သွားရန် လိုအပ်လာပြီဟု မွန်ခေါင်းဆောင်တို့ သုံးသပ်မိပြီး တစ်ခုတည်းသော မွန်အမျိုးသားတပ်ဖွဲ့အသွင်ဖြစ်ပေါ်လာစေရန် ကြိုးပမ်းလာကြသည်။
ထိုစဥ်က ၁။ နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန် (ကျိုက်ခမီ-သံဖြူဇရပ်နယ်မြေ)၊ ၂။ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင် (ကော့ကရိတ်၊ ကျိုက်မရော နယ်မြေ) ၃။ နိုင်ထွန်းမောင် (ရေးမြို့နယ်) ၄။ ဗိုလ်ရာဇ (ကမာဝက်) ၅။ နိုင်စိန်ကျော့၊ ဗိုလ်ရွှေရိုင် (ကော့ဘိန်း) ၆။ ဗိုလ်လော (ရေးတောင်ပိုင်း) ၇။ ဖိုးမောင်၊ ဖိုးသောင်(ရေး-တောင်ပုံ) စသည့် ပြန့်ကြဲနေသော လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အသီးသီးတို့ကို ဖိတ်ကြား၍ အစည်းအဝေးတရပ် ကျင်းပနိုင်သောကြောင့် မွန်တော်လှန်ရေးခရီးတွင် မှတ်တိုင်တစ်ရပ်အဖြစ် ကျန်ရစ်ခဲ့လေ၏။
ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာ၌ ၁၉၅၂ ဖေဖော်ဝါရီ (၁၉) ရက်တွင် နယ်မြေဒေသအသီးသီးမှ အထက်ပါ မွန်လက်နက်ကိုင်ခေါင်းဆောင်များ စုရုံးရောက်ရှိလာပြီး အစည်းအဝေးကျင်းပခဲ့ရာမှ “မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု” ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တပ်ပေါင်းစုကို ဥက္ကဌ နိုင်ငွေသိမ်း ၊ အထွေထွေအတွင်းရေးမှူး နိုင်ထွန်းသိန်း ၊ တွဲဘက် အတွင်းရေးမှူး နိုင်ကွန်ဒေ့ ၊ စစ်ရေးတာဝန်ခံ နိုင်ထွန်းခင်တို့ပါဝင်သော ဌာနချုပ်အဖွဲ့ကို ကနဦး ဖွဲ့စည်းလာခဲ့သည်။ တပ်ပေါင်းစု ဌာနချုပ်ရုံးကိုလည်း ထင်းရူးရွာ အရှေ့ဘက်ခြမ်းရှိ ဝဲခမိရွာ၌ ဖွင့်လှစ်ထားရှိသည်။
ထို့ပြင် မွန်တိုင်းရင်းသားအစည်းအရုံး၏ ပငအမျိုးသားညီလာခံ(၁၉၄၆) က ဆုံးဖြတ်ထားခဲ့သော တပို့တွဲ လပြည့် ကျော် ( ၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် နှစ်စဥ်ကျင်းပသွားရန် ဆက်လက်အတည်ပြုကြသည်။ ထို့အတူ မွန်လူမျိုးရေးရာအဖွဲ့မှ MNDO လူငယ်များက ဇာသပြင်လက်နက်သိမ်းသည့် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့၊ မွန်မြန်မာပြက္ခဒိန် ၁၃၁၀ ခု ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် အတည်ပြုကြသည်။ ထိုအချိန်မှစ၍ မွန်အမျိုးသားနေ့နှင့် မွန်တော်လှန်ရေးနေ့တို့ကို အလျှင်းသင့်သလို ကျင်းပလာကြသည်။
ယင်းသို့ မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် မွန်လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံရေးအရ နိုးကြားမှုရှိလာကြောင့် ပြည်သူလူထုအပေါ် ဗိုလ်ကျစိုးမိုးအနိုင်ကျင့်မှုများသည်လည်း တဖြည်းဖြည်းလျှော့ကျလာခဲ့သလို လူအများယုံကြည်အားထားရလောက်သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းအဖြစ် ပိုမိုထောက်ခံလာကြသည်။
မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု၏ စစ်ရေးနိုင်ငံရေးကောင်စီလက်အောက်တွင် သီဟရာဇာတပ်မဟာနှင့် ဟံသာတပ်မဟာတို့ကို ဖွဲ့စည်းထားသည်။ သီဟရာဇာတပ်မဟာမှူး နိုင်ငွေသိမ်းနှင့် ဟံသာတပ်မဟာမှူး နိုင်ချမ်းမွန်တို့က ဦးစီး၍ တပ်မဟာတစ်ခုတွင် မွန်စစ်သားအင်အား ၅၀၀ ဝန်းကျင်ဖြင့် စုဖွဲ့ထားခဲ့ခြင်း ဖြစ်သည်။ ဖဆပလတပ်ဖွဲ့များတွင် ဝင်ရောက်အမှုထမ်းနေသော မွန်များကလည်း မွန်တော်လှန်ရေးတပ်ဖွဲ့သို့ လက်နက်ချ၍ ဝင်ရောက်ကူးပြောင်းလာကြသည်။ မွန်အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုတစ်ခုလုံးအနေဖြင့် လက်နက်အင်အားများ ပိုမိုပြည့်စုံလာပြီး စစ်သားအင်အားတစ်ထောင်ကျော်ဖြင့် တိုက်ပွဲဝင်နေသည့်အချိန်ကာလ ဖြစ်သည်။
၁၉၅၂ နှစ်လယ်ပိုင်းတွင် ကရင်ခေါင်းဆောင်တစ်ဦးမှ ဆက်သွယ်လာမှုဖြင့် တရုတ်ဖြူအရာရှိတစ်ဦးနှင့် စကားပြန် အဖြစ်လိုက်ပါလာသူ တရုတ်ဖြူဗိုလ်ကြီး မစ္စတာယတ်တို့သည် မွန်ခေါင်းဆောင် နိုင်အောင်ထွန်းနှင့် ပငရွာတွင် လှို့ဝှက်တွေ့ဆုံဆွေးနွေးကြသည်။ သဘောတူညီချက်များ ရယူပြီးလပိုင်းအတွင်းမှာပင် ဖာပွန်ဒေသမှ တရုတ်ဖြူ များ ပငသို့ဝင်ရောက်လာသည်။
မစ္စတာယတ်သည် မိခင်တရုတ်ဘာသာစကားအမျိုးမျိုးအပြင် မွန်၊ မြန်မာ၊ ထိုင်း၊ အဂႅလိပ်နှင့် ဘာသာစကားပေါင်းများစွာကို တတ်ကျွမ်းသူတစ်ဦး ဖြစ်သည်။
ပငနှင့် သံဖြူဇရပ်ကြား မော်တော်ကားလမ်းတွင် မိန်ဘလာတောင်ကို အခြေပြု၍ ခံတပ်စည်းများတည်ဆောက်ပြီး ပင်လယ်ကမ်းခြေဘက်တွင် ခံကတုတ်ကျင်းများပြုလုပ်ထားကာ KMT တပ်ဖွဲ့က မွန်စစ်သားများအတွက် အခြေခံစစ်သင်တန်း ပေးခဲ့သည်။ KMT တို့သည် ၄င်းတို့သုံးစွဲရန် ငွေကြေးများယူမလာဘဲ ဘိန်းများသာ ယူလာခဲ့သည်။ ဘိန်းများကို ၄င်းတို့ အဆက် အသွယ်ရှိသော မော်လမြိုင်နှင့် ရန်ကုန်မြို့ရှိ တရုတ်အမျိုးသားတို့ထံ အဆက်အသွယ်ဖြင့် ပို့ကာရောင်းချကြသည်။ မွန်တပ်ဖွဲ့ထံမှ ဆန်ရိက္ခာများကို တောင်းယူကြသည်။
သို့ရာတွင် မွန်တော်လှန်ရေးခေါင်းဆောင်အများစုမှာ ဆိုရှယ်လစ်၊ ကွန်မျူနစ်လက်ဝဲအတွေးအခေါ်အယူအဆများကို ယုံကြည်လက်ခံထားသူများ ဖြစ်ကြသည်။ ကျူးကျော်လာသည့် KMT တို့သည် မြန်မာတစ်နိုင်ငံလုံး၏ ရန်သူဖြစ်သည့်အတွက် လက်ခံထားမသင့်ဟု ယူဆနေသူများလည်းရှိ၏။ အထူးသဖြင့် နိုင်ငွေသိမ်း၏ မလရခေါင်းဆောင်အများစုမှာ KMT နှင့် လုံးဝဆက်ဆံပြောဆိုခြင်းမရှိသလို တရုတ်ဖြူတပ်ဖွဲ့ကလည်း ဤအခြေအနေကို နားလည်သဖြင့် သီဟရာဇာတပ်မဟာ၏ လှုပ်ရှားနယ်မြေများကို ဒေသခံကရင်လူမျိုး လမ်းပြများနှင့်အတူ ကွေ့ဝိုက်ရှောင်ရှား၍ ဖြတ်သန်းသွားလာနေရသည်။
ဖဆပလအစိုးရတပ်ဖွဲ့နှင့် KMT တို့သည်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ KMT တို့ မွန်ဒေသသို့ လာရောက် ခြင်းမှာ ဘိန်းများလာရောက်ဖြန့်ဖြူး ရောင်းချခြင်းအတွက်သာဖြစ်သည်ဟု မွန်ခေါင်းဆောင်အချို့က ယူဆပြောဆိုသည်။ တဖက်မှာလည် ထိုင်ဝမ်တရုတ်ဖြူတို့ထံမှ လက်နက်ကောင်းများ ရရှိနိုင်သည်ဟု မျှော်လင့်နေသည့် မွန်ခေါင်းဆောင်များလည်း ရှိနေသည်။
နိုင်အောင်ထွန်းနှင့် KMT တို့၏ ညှိနှိုင်းမှုအရ စစ်သင်တန်းသွားရောက်တက်ရန်နှင့် အပြန်တွင် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာဖို့အတွက် ရှမ်းပြည်နယ် မိုင်းဆတ်မြို့ရှိ KMT ဌာနချုပ်သို့ မွန်မှတပ်ခွဲတစ်ခွဲ စေလွှတ်သွားမည့်ကိစ္စနှင့် ပတ်သက်၍ မွန်ခေါင်းဆောင်များအကြား သဘောထားကွဲလွဲကြသေးသည်။ နိုင်ငွေသိမ်း ဦးစီးသော သီဟရာဇာတပ်မဟာမှ မိုင်းဆတ်မြို့သွားရောက်မည့်ကိစ္စကို ကန့်ကွက်၍ အချိုးကျထည့်ဝင်ရမည့် ငွေကြေးကိုလည်း လုံးဝမပေးခဲ့ပေ။
သို့သော် ဟံသာတပ်မဟာမှ နိုင်ကွန်ဒေ့ ဦးစီး၍ ကော့ဒွတ် နိုင်ထွန်းမောင်အဖွဲ့မှ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းပြီး မိုင်းဆတ်မြို့သို့ သွားရောက်ခဲ့သည်။ အင်အား ၂၀၀ ခန့်ရှိ မွန်တပ်ဖွဲ့များ မိုင်းဆတ်မြို့ရောက်သွားပြီး ရက်ပိုင်းအတွင်းမှာပင် ကံမကောင်းအကြောင်းမလှစွာဖြင့် အစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် စစ်သင်တန်းပင် မတက်ဖြစ်တော့ဘဲ မွန်တပ်ဖွဲ့ဝင်များသည်လည်း လက်ချည်းဗလာ တပ်ခေါက်ပြန်လာကြရသည်။ ရည်ရွယ်ထားသည့်အတိုင်း လက်နက်များလည်းမရခဲ့သလို ငွေကြေးများစွာလည်း ဆုံးရှုံးသွားခဲ့ရသည်။
၁၉၅၃ မတ်လတွင် အစိုးရတပ်သည် နိုင်အောင်ထွန်း၏ ပငခံတပ်ကို ကြည်းကြောင်းနှင့် ရေကြောင်း နှစ်ဖက်ညှပ်၍ တိုက်ခိုက်လာသည်။ သံချပ်ကာယန္တရားတပ်ဖွဲ့ဖြင့် သံဖြူဇရပ်ဘက်မှ ကုန်းလမ်းအတိုင်း ပငရွာကို ချီတက်တိုက်ခိုက်လာပြီး အစိုးရရေတပ်စစ်ဘေႅာကလည်း ပငအနောက်ဘက်ပင်လယ်ပြင်မှ ကရုပ္ပိချောင်းအတိုင်း ဝင်ရောက်လာကာ အမြှောက်ဖြင့် ပငရွာထဲကို ဆက်တိုက်ပစ်ခတ်တိုက်ခိုက်လေသည်။ KMT တို့ထံမှရရှိထားသော နိုင်အောင်ထွန်း၏ ကမ်းခြေစောင့်အမြှောက်မှ ရေတပ်စစ်ဘေႅာကို လှမ်း၍ပစ်ခတ်ခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ပေ။
ထို့အချိန်တွင် KMT တပ်ဖွဲ့တို့သည် ဖဆပလအစိုးရတပ်ဖွဲ့အား ထိရောက်စွာ ခုခံတိုက်ခိုက်ခြင်း မပြုဘဲ ဝဲခမိဘက်သို့ ကားလမ်းမကြီးအတိုင်း ချက်ချင်းဆုတ်ခွာထွက်ပြေးသွားကြသည်။ ကရုပ္ပိဘက်မှတက်လာ၍ ပငကော့ထော်ကုန်းအား အစိုးရစစ်တပ်က အရင်ဦးဆုံးသိမ်းပိုက်လိုက်ပြီး ၃ ရက်ခန့်အကြာတွင် နိုင်အောင်ထွန်း၏ ပငစစ်မျက်နှာခံတပ်သည်လည်း လုံးဝကျဆုံးသွားခဲ့သည်။ စင်စစ် ဗမာ့တပ်မတော်တပ်စခန်းများကို KMT မှ ပစ်ခတ်တိုက်ခိုက်ခြင်း မပြုရန် လှို့ဝှက်သဘောတူညီထားကြသည်ကို မွန်ခေါင်းဆောင်များ လုံးဝမသိခဲ့ပေ။
အကျိုးဆက်အားဖြင့် ပငကျေးရွာသည်လည်း မီးလောင်ပြင်ကြီး ပြန်ဖြစ်သွားပြီး ရွာသားတို့မှာ အနီးအနားရှိဝယ်ဝင်ကရာရွာဘက်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးကြရသည်။ တချို့ရွာသားများက ပငရွာဟောင်းမှ ကျုံတရုတ်နှင့် ဝါခရူဘက်သို့ မိသားစုအလိုက် ထွက်ပြေးကြသည်။ ရွာသားများ မည်မျှထိခိုက် သေဆုံးမှုရှိခဲ့သည်ကို ထိုစဥ်က စာရင်းကိုပင် မပြုစုနိုင်ကြပေ။
ထို့အတူ နိုင်ထွန်းမောင်၏ ကော့ဒွတ်ဌာနချုပ်ကိုလည်း ၁၉၅၃ ခုနှစ် မေလတွင်အစိုးရတပ်မှ လေကြောင်းဖြင့် ကနဦးတွင် ရွာနံဘေးရှိ စစ်တန်းလျားများကို ဗုံးကြဲ၍ တိုက်ခိုက်သည်။ တဆက်တည်းတွင် ကုလားဂုတ်ကျွန်းဘက်မှ ရောက်လာသော အစိုးရ၏ မေယုရေတပ်စစ်ဘေႅာပေါ်မှ အမြှောက်များဖြင့် ဆက်တိုက်ပစ်ခတ်လေသည်။ KMT ထံမှရရှိထားသော နိုင်ထွန်းမောင်တို့၏ ကမ်းခြေစောင့်အမြှောက်သည်လည်း ကူးတို့ဆိပ်ကုန်းပေါ်မှနေ၍ ရေတပ်စစ်ဘေႅာကို တစ်ကြိမ်နှစ်ကြိမ်မျှသာပစ်ခတ်နိုင်ခဲ့ပြီး အမြှောက်ပြောင်းကွဲ၍ လုံးဝပျက်စီးသွားလေ၏။
ထို့ကြောင့် ရေတပ်စစ်ဘေႅာက ပိုမိုအတင့်ရဲလာပြီး ကော့ဒွတ်ပင်လယ်ဝမှ လမိုင်းမြစ်အတွင်းသို့ ဝင်ရောက်လာသည်။ သံချပ်ကာ ၂ စီးက ကူးတို့ဆိပ်ကမ်းပေါ်တက်လာ၍ ကမ်းတက်စစ်သားများနှင့်အတူ အမြှောက်ဖြင့် ရွာထဲသို့ ပစ်ထည့်သည်။ ဘရင်းဂန်းစက်သေနတ်သံများ အဆက်မပြတ်ဆူညံနေပြီး ကော့ဒွတ်ရွာကို နောက်တစ်နေ့ညနေတွင် အစိုးရတပ်က ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့သည်။ ကော့ဒွတ်တစ်ရွာလုံးသည်လည်း မီးလောင်ပြင်ပမာ ဖြစ်သွားရသည်။ ရွာသားအားလုံးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရသည်။
နိုင်ထွန်းမောင်တို့အဖွဲ့သည် မော့ကနင်ဘက်သို့ ရှောင်တိမ်းလာရသည်။ အစိုးရရေတပ်သည် ကော့ဒွတ်-လမိုင်းမြစ် အတွင်း ဝင်ရောက်လာပြီး မော့ကနင်ရွာဘက်သို့ အမြှောက်ဖြင့် လှမ်း၍ ပစ်ခတ်ပြန်သည်။ ရွာပျက်လုမတတ်ဖြစ်သွားပြီး မော့ကနင်ရွာသားများမှာလည်း နီးစပ်ရာ ကရင်ရွာများဘက်သို့ ထွက်ပြေးရပြန်သည်။ နိုင်ထွန်းမောင်တို့တပ်သည်လည်း မော့ကနင်တွင် ဆက်လက်မနေတော့ဘဲ ကားလမ်းအတိုင်း မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရှိရာ ဝဲခမိဌာနချုပ်သို့ ချက်ချင်း ပြောင်းရွှေ့သွားခဲ့သည်။
ထို့ပြင် ဝဲခမိအခြေစိုက် မွန်အမျိုးသားညီညွတ်ရေးတပ်ဖွဲ့သည် တစစပြင်းထန်လာသော အစိုးရထိုးစစ်ကြောင့် အနန်းကွင်းဘက်သို့ ရွှေ့ပြောင်းသွားဖို့ စိုင်းပြင်းလာရပြန်သည်။
*နိုင်တင်အောင် သို့မဟုတ် ဖခင်၏သမိုင်းကြွေးဆပ်ခဲ့လေသူ တလနွန် စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။