ပြီးခဲ့သည့်ဧပြီလအတွင်းက တိုင်းရင်းသားအဖွဲ့တချို့နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ရာတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့လည်း ပါဝင်ခဲ့သည်ဟု ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်ထံမှ သိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin သည် NMSP (AD) အဖွဲ့အပြင် RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး (KNO) တို့ကိုလည်း တွေ့ဆုံခဲ့သည်ဟု အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။
သို့ရာတွင် ဆွေးနွေးသည့်အကြောင်းအရာအသေးစိတ်ကို မသိရပေ။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့အရေး ကြားဝင်ကူညီဖြေရှင်းပေးရေးတွင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘောထားကို ဝန်ကြီးချုပ်ဟောင်းက ဆွေးနွေးမေးမြန်းခဲ့သည်ဟု တွေ့ဆုံပွဲတွေအကြောင်း လေ့လာသူများက ပြောသည်။
လက်ရှိအချိန်မှာ မြန်မာစစ်တပ်အနေဖြင့် အင်အားချိနဲ့လာသောကြောင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဖို့ အချိန်ကောင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားခဲ့သည်။
အလားတူ NMSP (AD) အဖွဲ့ခေါင်းဆောင်အချို့သည် ဂျပန်နိုင်ငံသို့ သွားရောက်၍ ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က ဂျပန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့် မြန်မာ့နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။