ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ခံထားရသော ရေးမြို့နယ်တွင် လူငယ်များအား စစ်မှုထမ်းခေါ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက ငြင်းပယ်ထားကြသော်လည်း ရွာငယ်အချို့တွင် စစ်မှုထမ်းမဝင်လိုပါက ကျပ်သိန်း ၃၀ ထိ ပေးဆောင်ရန် ငွေညှစ်နေမှုများရှိကြောင်း ကာယကံရှင်များနှင့် တွေ့ဆုံမေးမြန်းချက်အရ သိရသည်။
လဝကဌာနမှပေးပို့လာသော စာရင်းများကို အခြေခံ၍ အုပ်ချုပ်ရေးမှူးအချို့က အရွယ်ရောက်သော လူငယ်မိဘများကို လှို့ဝှက်ခေါ်တွေ့၍ စစ်မှုထမ်းစာရင်းဝင်မှ မိမိတို့သားသမီးများကို ပယ်ဖျက်ပေးလိုပါက ငွေကျပ်သိန်း ၃၀ စီ ပေးဆောင်ရမည်ဟု ပြောဆိုကြောင်း ယခုရက်ပိုင်းအတွင်း ထိုင်းနယ်စပ်ကို ထွက်ပြေးလာသူ တောင်စွန်းရွာမှ ညီအစ်ကိုယ်တော်စပ်သူ လူငယ် ၃ ဦးတို့က ပြောသည်။
“အုပ်ချုပ်ရေးမှူးလူတွေက အဖေ့ကိုလာပြောတယ် ကျနော်တို့ ၃ ယောက်ကို စစ်မှုထမ်းစာရင်းကနေ ပယ်ဖျက်ပေးချင်ရင် တစ်ယောက်ကို သိန်း ၃၀ ပေးရမယ်၊ ကျနော်တို့ ၃ ယောက်ဆိုတော့ သိန်း ၉၀ နီးပါးဆိုတော့ အဖေက ငွေမတတ်နိုင်ဘူး ဒါကြောင့် ကျနော်တို့ကို ထိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ထည့်ပေးလာခဲ့တယ်” ဟု အသက် ၂၈ နှစ်အရွယ် အစ်ကိုအကြီးဆုံးဖြစ်သူက ပြောသည်။
အထူးသဖြင့် စစ်မှုထမ်းစာရင်းမှပယ်ပျက်ရန် ငွေသိန်း ၃၀ မပေးဆောင်နိုင်ကြသဖြင့် တောင်စွန်းကျေးရွာအနီး တဝိုက်ရှိ စုံနံ့သာ၊ အဗြိုင်၊ တူးမြောင်းစသည့် ရွာများမှ လူငယ်ယောကျ်ားသားလူပျိုများအား နီးစပ်ရာပွဲစားများဖြင့် ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ အမြန်ပို့ဆောင် နေကြသည်ကို တွေ့ရှိခဲ့ရသည်။
သို့ရာတွင် ရေးမြို့သည် ညမထွက်ရအမိန့် ကာဖျူးထုတ်ပြန်ထားသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်မှုထမ်းရန် လူငယ်များကိုစုဆောင်းပေးနိုင်မဟုတ်ကြောင်း ပြီးခဲ့သည့် မြို့နယ်ထွေအုပ်အစည်းအဝေး၌ ဆွေးနွေးပြောကြားခဲ့ကြောင်း ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။
“အုပ်ကြီးတွေကို အစည်းအဝေးခေါ်တယ်၊ အုပ်ကြီးတွေက ထပြောတယ်၊ ကျနော်တို့မြို့နယ်က မာရှယ်လောထုတ်ထားတဲ့ မြို့နယ်ပါ၊ PDF တွေက ရပ်ကွက်ထဲ ရွာထဲမှာ စိမ့်ဝင်နေပြီးတော့ နေရာအနှံ့မှာ အပြည့်ရှိနေတယ်၊ ဒီစစ်မှုထမ်းကိစ္စတွေကို အုပ်ကြီးတွေလှုပ်ရှားမယ်ဆိုတာနဲ့ အုပ်ကြီးတွေကို ကျောကုန်းအနားမှာ ကပ်ပြီး ဆော်ပလော်တီးမယ် ပစ်သတ်မယ်ဆိုတဲ့ကောင်တွေက အမြဲတမ်းကို ရှိနေတယ်၊ အဲဒါ ခရိုင်မှူးတို့ နည်းနည်းစဥ်းစားကြည့်ပါတဲ့၊ ဒီကိစ္စတွေ မလုပ်ပေးနိုင်ရင် ကျနော်တို့ကို ခရိုင်မှူးတို့ ဖြုတ်မယ်တို့ ထောင်ချမယ်တို့ လုပ်တယ်ဆိုရုံလောက်ကတော့ ကျနော်တို့အတွက် ဘာမှပြဿနာမရှိဘူး၊ ဟိုကောင်တွေက ကျနော်တို့ကို ဖြုတ်ပစ်မယ်တို့ ထောင်ချမယ်တို့ လုပ်ပစ်မှာမဟုတ်ဘူး၊ ကျောကုန်းအနားနေ ကပ်ပြီးတော့ ဒိုင်းကနဲ ဒိုင်းကနဲ ဆော်သွားမှာ”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မော်လမြိုင်မြို့ တောင်ရိုးတန်းရပ်ကွက်မှ မူဆလင်လူငယ် ၂ ဦးနှင့် ဟိန္ဒူလူငယ် ၁ ဦးတို့ ရေခဲစက်မှအပြန် စစ်သားများက ဖမ်းဆီးပြီးစစ်သားစုဆောင်းရေးသို့ပေးပို့ခဲ့ရာ တစ်ယောက်လျှင် ငွေ ၁၅ သိန်းဖြင့် ရွေးနုတ်ထုတ်လာခဲ့ရကြောင်း ညှိနှိုင်းပေးခဲ့သော ရပ်ကွက်အကြီးအကဲတစ်ဦးက ပြောသည်။
“ည ၈ နာရီလောက်ထိုးပါပြီ ရေခဲစက်ကနေ ထမင်းစားပြီးတော့ ပြန်လာတာ၊ စစ်ကားတစ်စီးက ရပ်ကွက်ထိပ်မှာ စောင့်ဖမ်းတာ ရပ်ကွက်လူကြီးပေးထားတဲ့ဓါတ်ပုံနဲ့ တိုက်ကြည့်ပြီးတော့ ဒီကောင်တွေခေါ်သွားတာ၊ လူပျောက်လို့ အိမ်ကလိုက်ရှာတာပေါ့၊ နောက်ကျမှ ပြန်အဆက်အသွယ်ရတယ်၊ မွန်ယဥ်ကျေးမှုပြတိုက်အနီးက စစ်သားစုဆောင်းရေးထဲ ရောက်နေပြီတဲ့၊ အဲဒါသွားညှိတော့ တစ်ယောက်ကို ၁၅ သိန်းနဲ့ ရွေးခဲ့တယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ (၄) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။