ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်သည် စစ်မှုထမ်းဟောင်းဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်၍ စစ်တပ်နှင့်ရဲကို သတင်းပေးကာ PDF တို့၏လုပ်ငန်းကို နှောင့်ယှက်သောကြောင့် ဧပြီ ၂၉ ရက်နေ့က ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က သတ်ဖြတ်လိုက်ရသည်ဟု ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဦးစင်းအောင်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာရှိ ၄င်း၏မယားငယ်နေအိမ်ရှေ့၌ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးပြီး သက်သေခံအဖြစ် ပစ္စတိုတစ်လက်နှင့် ဝန်ထမ်းကတ်များ သိမ်းဆည်းခဲ့သည်ဟု ကြေညာချက်က ဖော်ပြသည်။
KRF အဖွဲ့သည် မတ်လ ၂၄ ရက်က တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို သတ်ဖြတ်ခဲ့ပြီး မတ်လ ၂၅ ရက်တွင် ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနှင့် စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ်သတ်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း စစ်ကောင်စီလော်ဘီသတင်းဌာနများက ရေးသားသည်။
ထို့ပြင် ဧပြီ ၁ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်မှ ဓာတ်စက်အငှားဖွင့်သူ အသက် ၇၀ အရွယ် ဦးမြအေး၊ ဧပြီ ၃ ရက်က တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဦးကျော်ကျော်တို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
KRF အဖွဲ့ကို မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဟောင်းတစ်ဦးက ဦးဆောင်နေကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များက ရေးသားဖော်ပြလျက်ရှိသည်။