မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးခြံစည်းရုံးတွင် ယနေ့ နံနက် (၈) နာရီအချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အဦး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
မြို့ခံတစ်ဦးက “အုပ်ချုပ်ရေးမှူးရုံးရဲ့ မျက်နှာကျက်တွေ၊ ပြတင်းပေါက်တွေ ပျက်ဆီးနေတာမျိုးတွေ့ရတယ်။ မိုင်းပေါက်တဲ့အချိန်မှာ အနီးအနားမှာ လူမရှိတော့ လူထိခိုက်မှုမရှိခဲ့ဘူး” ဟု ပြောသည်။
ထို မုဒုံမြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့သည့်အပြင်၊ မုဒုံမြို့အဝင်အထွက်နေရာများရှိ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေကြောင်း ၎င်းမြို့ခံက ဆိုသည်။
မုဒုံမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအပြင်၊ မုဒုံမြို့မရဲစခန်း မှာလည်း မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ညနေ (၆) နာရီအချိန်ခန့်ကလည်း မုဒုံမြို့မရဲစခန်း အနီးတွင် အသေခံဒရုန်းယာဉ်တစ်စီး ပေါက်ကွဲပျက်ကျမှုဖြစ်ပွားခဲ့သေးကြောင်း မုဒုံမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။