ကန်ချနပူရီမြို့အလွန် ဆင်ခြေပုန်းနေအိမ်တစ်အိမ်၌ စွန့်ပစ်ခံရသည့် မြန်မာအလုပ်သမား ၁၂၃ ဦးကို ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနှင့်အဖွဲ့က ယနေ့ (ဧပြီ ၄ ရက်) နံနက် ၉ နာရီ အချိန်တွင် ဝင်ရောက်ဖမ်းဆီးမိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ကန်ချနပူရီခရိုင် နောင်ဘွာမြို့နယ် ရွာအမှတ် (၄) ရှိ ဆင်ခြေပုန်းနေရာ အဆောက်အဦတစ်ခုအတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၂၉ ဦးတို့ကို တစ်စုတစ်ဝေးတည်း ဖမ်းဆီးရမိကြောင်း၊ သို့ရာတွင် လူပွဲစားများကို ဖမ်းမမိခဲ့သော်လည်း ၄င်းတို့အသုံးပြုခဲ့သည့် ယာဥ် ၄ စီးကို ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။





“ကျွန်တော်တို့ ရောက်တဲ့အခါ စွန့်ပစ်ထားတဲ့ အိမ်လေးကို တွေ့လိုက်ရတယ်။ ကားဂိုဒေါင်နဲ့တူတဲ့ အမိုးအပြူးလေးတွေနဲ့ အိမ်လေးတစ်လုံးပါ။ သံဆူးကြိုးတိုင် ခြံစည်းရိုးတစ်လျှောက်မှာ အဆောက်အဦတစ်ခု၊ သူတို့အားလုံးကို စစ်ဆေးမေးမြန်းဖို့ ကန်ချနပူရီရဲစခန်းကို ခေါ်လာခဲ့တယ်” ဟု ရဲအရာရှိက ပြောသည်။
ဖမ်းဆီးခံရသူ မြန်မာအလုပ်သမားများ၏ ကနဦးထွက်ဆိုချက်အရ ၄င်းတို့သည် ဘုရားသုံးဆူမြို့မှ စံခလပူရီနယ်စပ်တစ်လျှောက် သဘာဝလမ်းကြောင်းများကို အသုံးပြု၍ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ နန်းပကိတ်ထိုင်းစစ်တပ်ဂိတ်ကို ကွေ့ရှောင်ပြီး မော်တော်ကားဖြင့် ဝင်းကမွန်ရွာသို့ ရောက်ရှိလာကြောင်း၊ ထိုမှတဆင့် စက်လှေငယ်ဖြင့် ထောင်ဖာဖွန်မြို့ရှိ ဗာဂျီရာလောင်ကွန်း ဆည်ရေလှောင်ကန်အနီး ရောက်ရှိလာပြီး ကား ၄ စီးဖြင့်တင်ဆောင်၍ ယခုပုန်းအောင်းသည့်နေရာသို့ ခေါ်ဆောင်လာကြောင်း သိရသည်။
၄င်းတို့အားလုံးမှာ သွားရောက်မည့်ခရီးအကွာအဝေးအလိုက် တစ်ဦးလျှင် ဘတ်တစ်သောင်းခွဲမှ သုံးသောင်းအထိ ပို့ဆောင်ခပေးရကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းသို့ ခရီးဆက်ရန် မော်တော်ယာဥ်စောင့်ဆိုင်းနေစဥ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ယာဥ်မောင်းများထွက်ပြေးလွတ်မြောက်သွားသော်လည်း ကျန်ရှိနေသော ယာဥ် ၄ စီးကို ရဲများသိမ်းဆည်းသွားပြီး ယာဥ်ပိုင်ရှင်များကို ဆက်လက်စုံစမ်းသွားမည်ဟု ဆိုသည်။ ဖမ်းမိခဲ့သောအလုပ်သမားအားလုံးကို သက်ဆိုင်ရာ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟု ထိုင်းသတင်းက ဖော်ပြခဲ့သည်။
Photo-ข่าวภูมิภาคกาญจนบุรี