တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAO အချို့တွင် ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကိုရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများပြုလုပ်ခဲ့ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်နေသည်ကို သတိတရားဖြင့် ကာကွယ်ထိန်းသိမ်းကြရန်လိုအပ်ကြောင်း ယနေ့တွင်ကျရောက်သည့် ရွှေရတုနှစ် မွန်ပြည်နယ်နေ့သို့ သဝဏ်လွှာပေးပို့ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။
ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့သည် မရှိမဖြစ်လိုအပ်သော်လည်း လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှုလျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အားနည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့် ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေကြရသည်ကို သတိထားသုံးသပ်ဆင်ခြင်ကြရမည့် အချိန်ကျ ရောက်နေပြီဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။
နှစ် ၅၀ ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သော သဝဏ်လွှာကို စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လာရောက်ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ မတ်လ ၁၇ ရက်နေ့မှစ၍ မတ်လ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိသော တစ် နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit) အဖွင့်မိန့်ခွန်းတွင် NCA ၇ ဖွဲ့တို့ ထိန်းချုပ်ထားသော နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်သွားမည်ဖြစ်ကြောင်း သဘာပတိ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားလိုက်သည်။
“မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးတွေမှာ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အုပ်ချုပ် ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသတွေမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန် ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။
တဖက်တွင်လည်း မိမိတို့ (၇)ဖွဲ့ကြားမှာ တူတာတွဲလုပ်၊ မတူတာ ခွဲလုပ် ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဆိုသည်။
ယနေ့ကာလသည် နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်သည့် အနေအထား၌ရှိကာ မိမိတို့ အဖွဲ့ ၇ ဖွဲ့အနေဖြင့် EAO ၁၂ ဖွဲ့က လက်ခံထားသည့် ဖက်ဒရယ်မူကို စွဲကိုင်ကာ ရှေ့ခရီးကို ဆက် လက် ချီတက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများသည် နေ့စဉ်နှင့် အမျှပြောင်းလဲနေပြီး ယခုတွေ့ဆုံသည့် အဖွဲ့ ၇ ဖွဲ့ ထဲမှ တချို့အဖွဲ့များသည် စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ တိုက်နေမှုသည် လက်ရှိ အခြေအနေကို မီးမောင်းထိုးပြခြင်းဖြစ်ပြီး လက်ရှိအခြေအနေသည် ထိလွယ်ရှလွယ်သည့် အနေအထားတွင်ရှိကြောင်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောဆိုထားသည်။