၁၉၇၄ ခုနှစ် ၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် မွန်ပြည်နယ်ကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးခဲ့ပါသည် ။ သို့ဖြစ်၍ ဇန်နဝါရီလ (၃) ရက်နေ့သည် ကျွန်ုပ်တို့ မွန်လူ မျိုးများ မြတ်နိုးသည့် မွန်ပြည်နယ်နေ့ဖြစ်ပါသည် ။ (အခြေခံဥပဒေနေ့နှင့်တိုက်ဆိုင်နေသဖြင့် မတ်လ ၁၉ သို့ ပြောင်းလဲခဲ့သည်-အယ်ဒီတာ) ယခုနှစ်မှ စ၍ ၎င်းနေ့ထူးနေ့မြတ်ကို မွန်မျိုးချစ် ပုဂ္ဂိုလ်တိုင်းက ဝမ်း သာအားရ ကြိုဆိုကြပေမည် ။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေးကို ရရှိခဲ့သဖြင့် ကျွန်ုပ်တို့သည် လှိုက်လှဲစွာ ဝမ်းသာအားရခဲ့ကြရသည် ။ ထိုနောက်ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကို တည်ထောင်ခဲ့ကြသည် ။ ရှမ်း ၊ ကချင် ၊ ကရင် ၊ ကယားလူမျိုးများသည် ပြည်နယ်အသီးသီးရရှိကြသလို မွန်များကလည်း မွန်ပြည်နယ်ကို ရယူလိုကြသည် ။ မွန်ပြည်နယ်ကို ရယူလိုခြင်းသည် မွန်နှင့် မြန်မာကို သွေးခွဲ လို၍မဟုတ်ပေ ။ မွန်ပြည်နယ်ကို ရရှိပါက မွန်လူမျိုးများ သည် မိမိတို့ ချစ်မြတ်နိုးသည့် မွန်စကား ၊ မွန်စာပေနှင့် မွန်ယဉ်ကျေးမှု အနုပညာများကို ဖေါ်ထုက်လိုခြင်းသာ ဖြစ်သည် ။ မြန်မာနိုင်ငံတော်အတွက်ဆိုလျှင် မွန်တိုသည် အခြား တိုင်းရင်းသားများနှင့်အတူ အသက်ပေး၍ ဆောင်ရွက်ကြပေမည် ။ လွတ်လပ်ရေးတိုက်ပွဲတွင် မွန်တို့သည် မြန်မာနှင့် အတူ အသက်စွန့်၍ ဆောင်ရွက်ခဲ့ကြပေသည် ။ နိုင်ငံရေး တွင် သွေးစည်းညီညွတ်လျှက် ထာဝစဉ် ချစ်ကြည်လျှက်ရှိကြပါသည် ။
မွန်ပြည်နယ်ကို ရရှိသည်မှစပြီး မျိုးချစ်ပုဂ္ဂိုလ် များသည် မြို့ရွာဒေသများတွင် မွန်စာပေသင်တန်းများကို ဖွင့်လှစ် သင်ကြားခဲ့ကြသည် ။ မွန်ပြည်နယ်၌ သာမက ရန်ကုန်မြို့ကြီး၌ပင် မွန်စာပေသင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည် ။ ဤလုပ်ငန်းကို ဆုတ် ယုတ်မသွားစေပဲ တိုးတက်ဆောင်ရွက်သွားရန် အထူးလိုအပ် ပါသည် ။ ကောက်ရိုးမီးလိုဖြစ်မသွားရန် အရေးကြီးသည်။ ဇွဲလုံ့လ ပြည့်ဝရန် လိုအပ်ပါသည် ။ သို့မှသာလျှင် မွန် ပြည်နယ်ဟူ၍ ခေါ်ရန် အဓိပ္ပါယ်ရှိမည် ။ မွန်ပြည်နယ်ဟူ၍ ခေါ်ပြီး မွန်စကား ၊ မွန်စာပေကို အသုံးမပြုဘဲ မေ့ပျောက် သွားကြမည်ဆိုလျှင် ရှေးအခါက မွန်နိုင်ငံဖြစ်ခဲ့ဘူးသည့် ဟံသာဝတီပြည် ပဲခူးကဲ့သို့ ဖြစ်သွားပေမည် ။ ပဲခူးသည် ရှေးအခါက မွန်စကား ၊ မွန်စာပေ ထွန်းကားခဲ့သည့် မွန် ဒေသကြီးတစ်ခု ဖြစ်ခဲ့ဘူးသည် ။ ပဲခူးသည် မွန်ဘာသာ ” ဗဂေါဝ် ” မှ ဆင်းသက်လာခြင်းဖြစ်သည် ။ ယခုမွန်အမည်သာကျန်ပြီး မွန်စကားမရှိတော့ပေ ။ ယခုသတ်မှတ် ပေးသည့် မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၀)မြို့နယ်မျှ ရှိသော်လည်း ထက်ဝက်လောက်သာ မွန်စကားပြောကြသည် ။ နောင်ကို ယခုထက်လျော့မသွားရန် ထိန်းသိမ်းဘို့ အထူးလိုပါသည် ။ မတိုးတက်သော်လည်း လျှော့မသွားရန် မွန်မျိုးချစ်တိုင်းက ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါ သည် ။
မွန်စကား ၊ မွန်စာပေနှင့် မွန်ယဉ်ကျေးမှုတို့ကို ထိန်း သိမ်းရန် လိုအပ်ရခြင်းမှာ မွန်စကား ၊ မွန်စာပေနှင့် ယဉ် ကျေးမှုများသည် ရှေးအခါ အာရှအရှေ့တောင်ပိုင်းတွင် လွန်စွာ ထင်ရှားခဲ့သည့် သမိုင်းကြောင်းရှိပါသည် ။ ရှေးအခါ က မွန်ပြည်နယ်သည် သုဝဏ္ဏဘုမ္မိ ဟူ၍ ထင်ရှားခဲ့သည်။ ဒွာရဝတီဟူ၍လည်း ထင်ရှားခဲ့သည် ။ သုဓမ္မဝတီဟူ၍ လည်း ကျော်ကြားခဲ့သည် ။ ရာမညတိုင်း မွန်တိုင်းသုံးရပ် ဟူ၍လည်း ခေါ်စမှတ်ပြုခဲ့ကြသည် ။ အင်းဝနှင့် ခေတ်ပြိုင် ဟံသာဝတီဟူ၍လည်း ဟင်္သာမောင်နှံကို အစွဲပြုပြီး အမည်ရှိခဲ့သည် ။ ဟံသာဝတီပြည် သမိုင်းကိုလေ့လာလျှင် မဂဒူး ခေါ် ဝါရီရူ မင်းဆက်တွင် ဗညားဦးနှင့် ဗညားနွဲ့ ခေါ် ရာဇာဓိရာဇ်တို့သည် ရာဇဝင်တစ်လျှောက်၌ သူမတူအောင် ထင်ရှားခဲ့သည် ။ ဗညားလဂွန်းအိန် ၊ သမိန်ဗရမ်း ၊ အဲမွန်ဒယာ စသော မွန်သူရဲကောင်းတို့သည်လည်း “သူရသတ္တိ” တွင် ဂုဏ်ယူလောက်သည် ။ မြန်မာသမိုင်းတွင် သုဝဏ္ဏဘုမ္မိ ခေါ် သထုံပြည်သည် ဗုဒ္ဓသာသနာတော်ကို အစပျိုးခဲ့သည့် ရွှေမြေဒေသဖြစ်ပေသည် ။ သုဓမ္မမှ သုဓမိ ၊ သုဓမိမှ သုဓံ သုဓံမှ သုထံ ၊ သုထံမှ သုထုံ ၊ သုထုံမှ သထုံ ဟူ၍ ဖြစ် ပေါ်ခဲ့ပေသည် ။ သထုံ၏ မူလ သုဓမ္မ၀တီပြည်သည် ကောင်းသော တရား (သုဓမ္မ) ရှိသောပြည်ဟု အနက်ရှိ သည် ။ သို့ဖြစ်၍ ရှေးကနည်းတူ ၊ ယခုမွန်ပြည်နယ်တွင် လည်း မွန်လူမျိုးများသည် သုဓမ္မ (ကောင်းသောတရား )ကို သုဝဏ္ဏဘုမ္မိခေတ်ကကဲ့သို့ အစဉ်လိုက်နာကြရန် လိုသည်။ သို့မှသာ မွန်ပြည်နယ်တွင် သူခိုးဘေး ၊ ဓါးမြဘေးမှ ကင်း ဝေးစေပြီး သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ်လာမည်။ ပြည်နယ်တွင် ဝပြောသာယာမှသာ ပြည်ပလည်း ဝပြောသာယာမည်မှာ ဓမ္မတာဖြစ်ပေသည် ။
အတိတ်သမိုင်းကို လေ့လာလျှင် မြန်မာနိုင်ငံ၌သာ မက မွန်တို့သည် ယိုးဒယား ၊ လောစသည့်နေရာများ၌လည်း ကြီးစိုးခဲ့ကြောင်းကို ထိုနယ်၌ တွေ့ရသော မွန်ကျောက်စာ များက သက်သေခံလျှက်ရှိပါသည်။ ဘာသာစကား ဘက်တွင် ခမာခေါ် ကမ္ဘောဒီးယားစကားနှင့် အနွယ်တူသဖြင့် မွန်ခမာဟူ၍ ဘာသာဗေဒပါရဂူများက ခေါ်စမှတ်ပြုခဲ့ကြ သည် ။ အရှေ့ဘက်တွင် အာနန်ခေါ် ဗီယက်နမ်အထိ ဘာသာစကားတွင် မွန်နှင့် ဆက်နွယ်ပြီး တောင်ဘက်တွင် မလေးရှား ၊ နိုကိုဗားကျွန်းအထိဖြစ်ပြီး အနောက်တွင် အာသံ နှင့် အိန္ဒိယအလယ်ပိုင်းအထိ မွန်ခမာဘာသာစကားများ ပြန့်နှံ့ခဲ့သည် ။ မြောက်ဘက်တွင် တရုပ်ပြည်ရှိ ယန်စီကျန် မြစ်ဝှမ်းအထိ မွန်ဘာသာစကားကို လေ့လာတွေ့ရှိရပါသည်။ မြစ်ဟု အနက်ရသည့် တရုပ်စကား “ ကျန်” သည် ရှေး တရုပ်စကားတွင် “ ကြင် ” ဟုခေါ်ခဲ့သည် ။ ယခုမွန်စကား တွင် “ ကြုင် ” သည် မြစ်ချောင်းကို ပြောသည့် တရုပ်စ ကား “ ကျန်” နှင့် အတူတူဖြစ်ကြောင်း တရုပ်ဘာသာ – ပါမောက္ခ ပူလီဗလက်က ရိုင်ရယ် အာရှတစ် ဂျာနယ်တွင် ဖေါ်ပြခဲ့သည် ။
ရှေးသရောအအခါက မွန်ဘာသာစကားနှင့် စာပေ ယဉ်ကျေးမှု အနုပညာများသည် ဒွာရဝတီ ( ယခုယိုးဒယားပြည်) သုဝဏ္ဏဘုမ္မိ သထုံပြည်၌ ထွန်းကားခဲ့ပါသည် ။ ထိုနောက် ခရစ်နှစ် ၁၁ ရာစုတွင် အရိမဒ္ဒပူရ ခေါ် ပုဂံပြည် တွင် အထွတ်အထိပ်သို့ ရောက်အောင် ထွန်းကားခဲ့သည်မှာ ရှေးဟောင်းစာပေ ကျောက်စာများကို လေ့လာသော သုတေသီများသိကြပေသည် ။ မွန်စာပေသည် မြန်မာစာပေ ၏ အုတ်မြစ်ဟုပင် ဆိုနိုင်ပါသည် ။ မွန်မြန်မာအက္ခရာဟု ပင် ဆိုကြသည် ။
သို့ဖြစ်ပါ၍ မွန်ပြည်နယ်ကို နိုင်ငံတော်အစိုးရက သတ်မှတ်ဖေါ်ထုတ်ပေးသည်ကို ကျေးဇူးတင် ဝမ်းမြောက်ရုံ နှင့် မပြီးသေးဘဲ မိမိတို့၏ မွန်စကား ၊ မွန်စာပေ ၊ မွန် ယဉ်ကျေးမှု အနုပညာများကို အစွမ်းကုန်ဖေါ်ထုတ်ရင်း နိုင်ငံတော်၏ သားကောင်းသမီးကောင်းပီပီ နိုင်ငံ၏ သစ္စာ ကို ခံယူပြီး နိုင်ငံ၏ ကောင်းကျိုးအတွက် မိမိတို့ကျရာတာ ဝန်ကို သူရသတ္တိရှိရှိဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွါး ရန်လိုအပ်ကြောင်း တိုက်တွန်းနိုးဆော်လိုက်ပါသည် ။ မွန် ပြည်နယ် တိုးတက် ထွန်းကားပါစေသော် ။
နိုင်ပန်းလှ