မုဒုံမြို့နယ်၊ ကမာဝက်မြို့ စိန်တောင်ရပ်ကွက် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ကော့ပိထော်ပြည်သူ့စစ်ခေါင်းဆောင် စုစုပေါင်း (၃) ဦးတို့ကို ဖမ်းဆီး၍ ၄င်းတို့ထံမှ လက်နက် (၁၅) လက်နှင့်ကျည်ဆံတို့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့က သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။
NMSP(AD) ပြောခွင့်ရ နိုင်ဗညားမွန်က “စစ်အာဏာရှင်ထောင့်တိုင်တွေကို စတင်ဖြိုခွင်းနေပါပြီ၊ ဒါကြောင့် ပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်ထောင့်တိုင်အဖြစ်မချင်ဘူးဆိုရင် ကျနော်တို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ထံ လက်နက်တွေလာအပ်ပါလို့ အသိပေးလိုတယ်” ဟု ပြောသည်။
ယနေ့မွန်းလွဲပိုင်းအချိန်၌ စိန်တောင်ရပ်ကွက် ပြည်သူ့စစ်ခေါင်းဆောင် ဦးပန်းနှင့်အတူ လက်နက် (၉) လက်၊ ယမန်နေ့ ညနေပိုင်းအချိန်က ကော့ပိထော်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးကင်ဘန်းနှင့် ဒုတိယခေါင်းဆောင် ဦးငြိမ်းဦးတို့နှင့်အတူ လက်နက် (၆) လက်ကို NMSP (AD) တပ်ဖွဲ့ဝင်တို့က ဝင်ရောက်ဖမ်းဆီး၍ ပြည်သူ့စစ်များ၏ လက်နက်များကိုလည်း တပါတည်းသိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဥ်များနှင့်ပတ်သက်၍ NMSP (AD) အဖွဲ့နှင့်ဆွေမျိုးမောင်နှမနီးစပ်သူ အမျိုးသမီး(၃) ဦးကို ယမန်နေ့ညအချိန်တွင် မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားရန် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီမှ ဖေဖော်ဝါရီလလယ်အတွင်းက ခွဲထွက်လာခြင်းဖြစ်သည်။