မွန်ပြည်သစ်ပါတီ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်နယ်မြေအခြေစိုက် မော်လမြိုင်ခရိုင်သို့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့်အဖွဲ့တို့သည် ပါတီရှင်းလင်းရေးခရီးသွားရောက်နေစဥ် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကို ဖွဲ့စည်းကာ ယနေ့တွင် ကျေညာချက်ထုတ်ပြန်၍ ခွဲထွက်သွားခြင်းဖြစ်ကြောင်း မွန်ပြည်သစ်သတင်းစဥ်မှ သိရသည်။
ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော
မွန်ပြည်သစ်သတင်းစဥ်၏အဆိုအရ စစ်ကောင်စီအား တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီအတွင်း လက်ခံသူနှင့် လက်မခံသူစသည်ဖြင့် သဘောထားကွဲလွဲနေခဲ့ကြသည်မှာ ကြာပြီဖြစ်ကြောင်း၊ သို့သော် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကို လက်ခံထားသူ အရေအတွက်များပြားသဖြင့် လက်မခံသူများဘက်မှ အလျှော့ပေးခဲ့ရသည်ကို ကျေနပ်ပုံမရခဲ့ဟု ဆိုသည်။
ပြီးခဲ့သည့် မွန်ပြည်သစ်ပါတီ၏ (၁၁) ကြိမ်မြောက်ညီလာခံတွင် စစ်ကောင်စီနှင့်ဆက်ဆံရေးအပိုင်း၌ ပါတီဝင်အချင်းချင်း အမြင်သဘောထား ပို၍ပင်ဝေးကွာခဲ့ရကြောင်း၊ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးခြင်းမပြုရန် သဘောထားခြင်း တိုက်ဆိုင်ကြသော်လည်း စစ်ကောင်စီနှင့် အဆက်အသွယ်မဖြတ်ဘဲ ဆက်လက်ဆက်ဆံနေသင့်သည်ဆိုသည့်ဖက်က အနိုင်ရလိုက်သဖြင့် တဖက်မှ လက်ခံနိုင်ခြင်းမရှိဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ညီလာခံအပြီး ဗဟိုကော်မတီအစည်းအဝေးကျင်းပရန် သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များအား ဘိတ်ကြားထားပြီးဖြစ်သော်လည်း အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့တို့သည် ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာခြင်းမပြုသည့်အပြင် မော်လမြိုင်ခရိုင်ပါတီရှင်းလင်းရေးခရီးစဥ်ကို အခွင့်ကောင်းယူလျက် (၁၁) ကြိမ်မြောက် ပါတီညီလာခံရလဒ်အပေါ် ကျေနပ်ခြင်းမရှိသူများကို စည်းရုံးပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဖွဲ့စည်းကာ ခွဲထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားလွတ်မြောက်ရေးတွင် မွန်တစ်မျိုးသားလုံးအနေဖြင့် တစ်သံတည်းထွက်ပေါ်စေရန်အတွက် မွန်ပြည်သစ်ပါတီ၏ ဦးဆောင်မှုအခန်းကလည်း တစ်သံတည်းဖြစ်နေဖို့ အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် သံဃာတော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များနှင့်လက်တွဲ၍ ခွဲထွက်သူများအား မိခင်ပါတီသို့ ပြန်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်သတင်းစဥ်က သတင်းပေးပို့ခဲ့သည်။
မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်သည်။