နိုင်ဟံသာ
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရချိန်မှာ ယနေ့တိုင် ကျွနိုပ်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ခေါ်ဆိုမှတ်ယူလက် ခံထားခဲ့ကြပါသည်။ ဤ ပြည်ထောင်စု၏ ပြည်နယ်များကို ပထဝီအခြေခံဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်၊ လူမျိုးတို့၏ စုစည်းနေထိုင်မှုကို အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်နယ်နာမည််များကိုလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ဆိုင်ရာလူမျိုးတို့၏ နာမည်များကို အတိအလင်းဖော်ပြထားသည်။ ဤသည်မှာ လူမျိုးစုပါဝင်သည့်ပြည်ထောင်စုတစ်ခု ဖြစ််ကြောင်း သဏ္ဍန်အားဖြင့် ပေါ်လွင်ထင်ရှားစေသည်။ သို့သော် ၎င်းကိုမှတ်ကျောက်တင်စစ်ဆေးကြည့်ပါက အရေခြုံ၊ ရွှေမှုံကြဲ၊ “နာမည်ခံပြည်ထောင်စု” ဖြစ်နေကြောင်းကို နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်တို့က ကောင်းစွာနားလည်ထားကြသည်။ ဤပြည်ထောင်စု၏ ၁၉၄ရ ခုဖွဲ့စည်းပုံသည် ပြည်နယ်ပြည်မပုံစံဖြင့် ဖွဲ့စည်းထားပြီး ပြည်မကပြည်နယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ထားသည်။ ၁၉၄ရ ခု ဖွဲ့စည်းပုံသည် ပြည်နယ်များ၊ တိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း တခုတည်းသော ဗဟိုအစိုးရက အာဏာကို ချုပ်ကိုင်ထားသည်။ထို့ကြောင့်ပြည်နယ်ဟူသည်မှာ နာမည်ခံဟန်ပြမျှသာဖြစ်သောကြောင့် “အတုအယောင်ပြည်ထောင်စု’’ ဖြစ်ကြောင်းထင်ရှားသည်။
ပြည်ထောင်စုအမည်ခံယူထားပြီး အဘယ်ကြောင့်အတုအယောင် ဖြစ်နေရပါသနည်း။ မေးစရာရှိပါလိမ့်မည်။ အဖြေမှာ အာဏာရခေါင်းများ (အထူးသဖြင့် ဗမာလူမျိုးခေါင်းဆောင်များ)သည်တိုင်းရင်းသားအရေးကို အလေးမထားသော ကြောင့်ဖြစ်သည်။ အဘယ်ကြောင့်အလေးမထားရသနည်း။ အဆင့်ဆင့်နေရာမှန်ကို နားမလည်၍ ဖြစ်နိုင်သလို၊ လွှမ်းမိုးဝါးမျိုလို၍လည်း ဖြစ်နိုင်သည်။တိုင်းရင်းသားများ၏ အဆင့်နေရာမှန်ကို ဖုံးကွယ်နိုင်ရန် ကြီးကျယ်သော နိုင်ငံရေး အဘိဓမ္မာစကားလုံးများဖြင့် ဖုံးအုပ်ခဲ့ကြသည်။ လွန်ခဲ့သော အနှစ် ၃၀၊ ၄၀ ကျော် ကွန်မြူနစ်ဝါဒခေတ်ကောင်းခဲ့စဉ်က “လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ၏ လက်အောက်ခံဖြစ်သည်။လူတန်းစားပြဿနာကို ဖြေရှင်းပြီးသည်နှင့် လူမျိုးရေးပြဿနာသည်လည်း အလိုလိုပြေလည်သွားမည်” ဟုဆိုခဲ့ကြသည်။ လူမျိုးရေးပြဿနာကို တင်ပြလျှင် အမြင်ကျဉ်းသည်ဟု နှိမ့်ချပြောဆိုတတ်ကြသည်။
ဒီမိုကရေစီခေတ်ရောက်ပြန်သောအခါ “လူမျိုးရေးဆိုင်ရာအခွင့်ရေးသည် လူအခွင့်အရေးဘောင်ထဲတွင် ရှိသည်။ ဒီမိုကရေစီစနစ်သည် လူ့အခွင့်အရေး မှန်သမျှကို ဖော်ဆောင်ပေးသည်ဖြစ်သောကြောင့် ဒီမိုကရေစီရပါက လူမျိုးရေးဆိုင်ရာ အခွင့်အရေးများလည်း အလိုလိုရရှိလိမ့်မည်” ဟုဆိုပြန်ပါသည်။ ဤသို့ ကွန်မြူနစ် ဒီမိုကရေစီနိုင်ငံရေးဘိဓမ္မာ ဆရာကြီးများ (အားလုံးကိုမဆိုလို) ၏ ဒဿနဆန်သော နိုင်ငံရေးဝေါဟာရများဖြင့် တိုင်းရင်းသားများ၏ အဆင့်နေရာ မှန်ကို ဖုံးကွယ်ခဲ့ကြသည်။ မည်သို့သော သဘောထားမျိုးရှိရှိ၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် လွတ်လပ်ခွင့်ကိုဘေးဖယ်ထားခဲ့ကြသဖြင့် ပြည်တွင်းစစ်မီး အနှစ် (၅၀) ကျော် တောက်လောင်ခဲ့ရခြင်း ဖြစ်သည်။ကျွနိုပ်သည် ဗမာ မဟုတ်သော တိုင်းရင်းသားလူမျိုးများ၏ အဆင့်နေရာမှန်ကို အများသိအောင်မီးမောင်းထိုးတင်ပြလို၍ ဤဆောင်းပါး ကို ရေးသားတင်ပြရခြင်းဖြစ်သည်။

၁။ ရှေးအတိတ်က သမိုင်းနောက်ခံ
မိမိတင်ပြလိုသော ဦးတည်ချက်အတွက် လိုအပ်မည်ဟု ယူဆသည့် အတိတ်သမိုင်းတစ်ချို့ကို တင်ပြပါမည်။ သို့သော် ဦးစားပေးထည့်တွက်ရမည့် ပစ္စုပ္ပန်နှင့် အနာဂတ် အရေးအတွက် သမိုင်းနောက်ခံအချို့ကြောင့် အနှောင့်အယှက် မဖြစ်စေလိုပါ။ ထို့ကြောင့် အထူးမလိုအပ်သည်များနှင့် အငြင်းပွားစရာများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ တင်ပြပါမည်။
ဤ ပြည်ထောင်စုအဝန်းအဝိုင်းတွင် ရပ်တည်နေထိုင် ကြကုန်သော ကချင်၊ ကယား၊ ချင်း၊ ဗမာ၊ မွန်၊ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဝ၊ လားဟူ၊ စသည့် တိုင်းရင်းသားတို့သည့် နှစ်ပေါင်းထောင်နှင့်ချီ၍ဤမြေတွင် နေထိုင်လာခဲ့ကြသည်။ အားလုံးသည် ဌာနေတိုင်းရင်းသားများဖြစ်ကြသည်။ ဦးစွာရောက်ရှိနေရာရထားခြင်း၊ လူဦးရေများခြင်း၊ အင်အားကြီး မားခြင်း၊ ဓလေ့ထုံးစံနှင့် အကြိုက်ကိုလိုက်ပြီး နေရာရွေးချယ်ခြင်း၊ စသည်ဖြင့်နေရာယူနေလာထိုင်ခဲ့ကြရာမှ သူ့ဒေသ နှင့် သူသတ်သတ်မှတ်မှတ် ဖြစ်ရှိလာခဲ့သည်။ သူဒေသသူနေ၊ သူ့လူမျိုးအရေးကို သူဖန်တီး၊ သူ့မင်း၊ သူ့စော်ဘွား၊ သူ့စော်ကဲ၊ သူ့စော်ဖျာ၊ သူ့ဒူးဝါး၊ သူ့တောင်ပိုင်၊ သူ့တောင်အုပ်တို့နှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။ ဤသည်မှာ ခရစ်နှစ် အေဒီ ၉/၁၀ ရာစုထိဖြစ်သည်။
ဗမာတို့သည် အေဒီ ၉ရာစုတွင် ဤပြည်ထောင်စုဒေသအတွင်းသို့ စတင်ရောက်ရှိလာကြောင်း၊ ထိုမတိုင်မီက မွန်နှင့် ပျူတို့သည် မြို့ပြနိုင်ငံများတည်ထောင်ပြီး စာပေ၊ ယဉ်ကျေးမှုတို့ဖြင့် ထင်ထင်ရှားရှားတည်ရှိနေပြီး ဖြစ်ကြောင်း၊ ဗမာတို့အင်နှင့်အားနှင့် ဝင်ရောက်လာချိန်တွင် ပျူနိုင်ငံသည် တရုတ်တို့၏တိုက်ခိုက်ဖျက်စီးခြင်း ခံထားရသည့် ကာလ ဖြစ်သဖြင့် အားနည်းပျက်စီးနေကြောင်း၊ ၎င်းနေရာတွင် ဗမာတို့ဝင်ရောက်နေရာရခဲ့ပြီး တစတစနှင့် မြို့ပြနိုင်ငံတည် ထောင်လာခဲ့ကြောင်း သမိုင်းစာအုပ်များတွင် အများနှင့်တူ ကျနော်လေ့လာ သိရှိရသည်။
ထိုကာလမှ (၁၁) ရာစုဦးပိုင်းအထိသည် အလယ်ပိုင်းတွင် ဗမာနိုင်ငံ၊ အနောက်ပိုင်းတွင် ရခိုင်နိုင်ငံ၊တောင်ပိုင်းတွင်၊ မွန်နိုင်ငံဟူ၍ ထင်ထင်ရှားရှား ထီးပြိုင်နန်းပြိုင်များဖြင့်တည်ရှိခဲ့သည်။ အခြားလူမျိုးတို့သည် ထိုင်းနိုင်ငံအဖြစ် မထင်ရှား သော်လည်း မိမိတို့နယ်မြေတွင် မိမိတို့အကြီးအကဲနှင့် မိမိတို့အမျိုးသား ကံကြမ္မာကို မိမိတို့ဖန်တီးခဲ့ကြသည်။
(၁၁) ရာစုမှာ ပုဂံတွင် မင်းလုပ်နေသော ဗမာဘုရင်အနော်ရထာက စစ်အင်အားဖြင့် နိုင်ငံကိုတိုးချဲ့ပြီး၊ပထမဗမာ အင်ပါရာနိုင်ငံကို တည်ထောင်ခဲ့သည်။ (၁၃) ရာစုအထိ တည်တံ့ခဲ့သည်။ (၁၆) ရာစုတွင်တောင်ငူမှ ဗမာဘုရင် ဘုရင်နောင်သည် စစ်အင်အားဖြင့်ပင် ဒုတိယဗမာအင်ပါရာနိုင်ငံကိုတည်ထောင်ခဲ့သည်။ (၁၈) ရာစုအထိ တည်တံ့ခဲ့ သည်။ (၁၈) ရာစုတွင်ပင် မုဆိုးဘိုရွာသား အလောင်းဘုရား ဦးအောင်ဇေယျသည် တတိယဗမာအင်ပါရာနိုင်ငံကို တည်တေထာင်ခဲ့သည်။ (၁၉)ရာစုအထိတည်တံ့ခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်တို့ ဝင်ရောက်လာခဲ့ပြီး ရပ်ဝေး တိုင်းသားတို့၏ကိုလိုနီကျွန်ဘဝအောက် လူမျိုးအားလုံး ရောက်ရှိခဲ့ကြရသည်။
ဗမာဘုရင်များနယ်မြေချဲ့ထွင် သိမ်းယူထားခဲ့သော ပထမ၊ ဒုတိယ၊ အင်ပါရာခေတ်ကာလများတွင်စစ်ရှုံးသောနယ် မြေများကို ဘဏ္ဍာ၊ သမီးကညာနှင့် လိုအပ်သည့်အခါ စစ်သားများပေးပို့ရသောလက်အောက်ခံ နယ်စားများ အဖြစ် ထားရှိကြောင်း လေ့လာထားရှိရသည်။ အုပ်ချုပ်ရေးနှင့်ယဉ်ကျေးမှုတို့အပေါ် လွှမ်းမိုးချယ်လှယ် ဖျက်ဆီးခြင်း မပြုကြ ပေ။ အလောင်းဘုရား (ခေါ်) ဦးအောင်ဇေယျ၏ တတိယအင်ပါရာခေတ်တွင်ကား မြေသြဇာ၊ ရာသီဥတု၊ လမ်းပန်းဆက် သွယ်ရေးနှင့် ဆက်သွယ်ရာ တံခါးပေါက်ဖြစ်သော နယ်မြေများကို ဗမာပိုင်နယ်မြေအဖြစ် ထာဝရရယူနိုင်ရန်စနစ်တကျ စီစဉ်ခဲ့သည်။ ထို့ကြောင့် ဤအချိန်တွင် သတ်ဖြတ်မောင်းထုတ်၊ ဝင်ရောက်နေရာယူ ဝါမျိုးမှုများ ပြုခဲ့သည်။ ဤသို့ဖြင့် တောင်ပိုင်းသို့ ဗမာများရောက်ရှိလွှမ်းမိုး နိုင်ခဲ့သည်။
ဤသမိုင်းနောက်ခံဖြစ်စဉ်အပေါ် သုံးသပ်ကြည့်ပါက ယနေ့ပြည်ထောင်စု၏ ပြည်နယ်နယ်နမိတ်အတွင်းရှိ နယ်မြေများ သည် မူလအစဉ်အဆက်အားဖြင့််ဌာနေလူတိုင်းရင်းသားများ ပိုင်ဆိုင်သောနယ်မြေများ ဖြစ်သည်။ ရွေ့လျားပြောင်းလဲ မှုအချို့ရှိခဲ့သော်လည်း မိမိတို့မူလဘိုးဘွားနယ်မြေတွင်ဆက်လက်ရပ်တည်လျှက်ရှိကြသည်။ တိုင်းရင်းသားများ အကြားတွင်ဗမာသည် အင်အားပိုကြီးသော(စူပါပါဝါ) လူမျိုးဖြစ်ပြီး အချက်အခြာ နယ်မြေများကို ရရှိပိုင်ဆိုင်ထား နိုင်ငံကြသည်။ သို့သော်နယ်မြေအားလုံးကို ဗမာတိို့ကသာ ပိုင်ဆိုင်ခဲ့သည်၊ ဗမာတို့၏ ဘိုးဘွားပိုင်မြေဖြစ်သည်၊ ထို့ကြောင့်ဆက်လက်ပိိိုင်ဆိုင်သင့်သည်ဟု မှတ်ယူ၍ မရစကောင်းပါ။
၂။ လွတ်လပ်ရေးအကြိုကာလနှင့် ပင်လုံစာချုပ်
နယ်ချဲ့အင်္ဂလိပ်လက်အောက်၊ ကျွန်သဘောက်ဘဝတွင် ကျွန်တော်တို့ လူမျိုးစုတို့၏ ဘဝဘယ်ပုံတယ်နည်း တည်ရှိခဲ့ရသည်ကိုလည်း အနည်းအကျဉ်း တင်ပြလိုပါသည်။ လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံနယ်မြေကို အင်္ဂလိပ်တို့ ဝင်ရောက်သိမ်းပိုက် အခြေစိုက်ချိန်မှစ၍ ၁၉၄၈ ခုလွတ်လပ်ရေးရချိန်အထိအာဏာပိုင်တစ်ဦးတည်း၏အောက်တွင် မြန်မာနိုင်ငံတော်အနေဖြင့် တစည်းတလုံးတည်းတည်ရှိနေထိုင်လာခဲ့ကြခြင်းမဟုတ်ပေ။ လူမျိုးအလိုက် ဒေသအလိုက် သီးခြားစီနေထိုင်လာခဲ့ကြသည်မှာ သမိုင်းတွင် အထင်အရှားပင်ဖြစ်သည်။ အင်္ဂလိပ်အစိုးရလက်အောက်တွင် (၁) မြန်မာပြည်မ၊(၂) တောင်တန်းဒေသများ၊ (၃) ကရင်နီနယ်ဟူ၍ သုံးမျိုးခွဲခြားထားရှိပါသည်။
အထက်ပါအခြေအနေသည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလအဖွဲ့ကဘုရင်ခံ၏ အတိုင်ပင်ခံမှုဆောင်အဖွဲ့ (ဝန်ကြီးအဖွဲ့) တွင် ဝင်ရောက်နေရာယူသည့် ၁၉၄ရ ခုနှစ်အထိဖြစ်သည်။ အထက်ပါ ဝန်ကြီးအဖွဲ့သည် ဘုရင်ခံအား မြန်မာပြည်မအတွက် အကြံပေးနိုင်သော်လည်းကျန်ဒေသများအတွက် လုံးဝပြောဆိုပိုင်ခွင့်မရှိခဲ့ပါ။ ကရင်နီနယ်ခေါ် ယခုကယားပြည်နယ်သည်မြန်မာဘုရင်မင်းတုန်းမင်းလက်ထက်က မြန်မာအစိုးရကိုယ်စား ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှအစိုးရတို့ ချုပ်ဆိုခဲ့သောစာချုပ်အရ လွတ်လပ်သောဒေသတစ်ခုအဖြစ် သတ်မှတ်ပြီး မည်သည့်အစိုးရမှဝင်ရောက်စွက်ဖက်ခြင်း မပြုရပေ။ နောက်ပိုင်းတစ်ပြည်လုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်သောအခါ အင်္ဂလိပ်တို့ကပင် သီးခြားထိန်းချုပ်ကိုင်တွယ်ခဲ့ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ဗြိတိသျှအစိုးရက ထုတ်ပြန်သော စက္ကူဖြူ စာတမ်းတွင် ပြည်မမြန်မာနိုင်ငံအားဒိုမီနီယံအဆင့်မှ လွတ်လပ်ရေးပေးရန် ဖြစ်သော်လည်းတောင်တန်းဒေသများကိုဗြိတိသျှအစိုးရလက်အောက်တွင်ဆက်လက်ထားရှိရန်ဖြစ်သည်။ ဤအနေအထားတွင် ၁၉၄၆ ခုဇန်နဝါရီလ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလ၏ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံတွင် အဆိုအမှတ် (၆) အနေနှင့် တိုင်းရင်းသား လူနည်းစုအရေးခေါင်းစဉ်ဖြင့် “လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်းသားလူနည်းစု၊ လူမျိုးစုအားလုံး သဘောတူညီတဲ့နည်းနဲ့ လွတ်လပ်စွာတည်ထောင်ရန် ကျနော်တို့သဘောတူညီကြောင်း ကတိပေးပါသည်။ မည်သည့်တိုင်းရင်းသား လူနည်းစုကိုမဆိုမိမိတို့ဘာသာဖန်တီးခွင့်ပေးပါမည်။ ကျနော်တို့နှင့် ခွဲထွက်လိုသည့်အခါ ခွဲထွက်ခွင့်ရှိကြောင်း” ကတိပြုထားပါသည်။ ထို့အတူ ၁၉၄၆ ခု မတ်လတွင် ကျင်းပသောပထမပင်လုံအစည်းအဝေးတွင် ဖဆပလကိုယ်စားလှယ်အဖြစ် သခင်နု၊ ဦးဘဂျမ်းနှင့် အခြားသော ပုဂ္ဂိုဟ်အချို့တက်ရောက်ပြီး တောင်တန်းသားများ ဗမာပြည်မနှင့်ပူးပေါင်း၍ လွတ်လပ်ရေးရယူရန်တိုက်တွန်းထားပြီး လွတ်လပ်ရေးရပြီးလျှင် တွဲလိုကတွဲနိုင်၍၊ ခွဲထွက်လိုကလည်း ခွဲထွက်ခွင့်ရှိမည်ဖြစ်ကြောင်း ထိုမူမှာ မည်သည့် အာဏာရအဖွဲ့အစည်းမဆို ကျင့်သုံးသွားရမည့် “မူ” ဖြစ်ကြောင်းထည့်သွင်းပြောဆိုထားပါသည်။
ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) က ၁၉၄၆ ခု သြဂုတ်လတွင် ပြည်မနှင့်ပေါင်း၍ လွတ်လပ်ရေးအရယူပြီးလျှင်–
(၁) ပြည်ထောင်စုမူအရ ပေါင်းမည်၊
(၂) အခွင့်အရေးနှင့်အဆင့်အတန်းတူ ဖြစ်ရမည်၊
(၃) ရှမ်းပြည်အား လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရမည်၊
(၄) ခွဲထွက်လိုက အချိန်မရွေးခွဲထွက်ခွင့် ပေးရမည်၊
ဟု ကြွေးကြော်စည်းရုံးခဲ့သည်။
ထိုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ရှမ်းစော်ဘွားများက ဘုရင်ခံထံ စာရေးပေးပို့ရာ၌ မြန်မာပြည်မနှင့် ပြည်ထောင်စုစနစ်မူအရ ပေါင်းမည်ဆိုလျှင်
(၁) ရှမ်းပြည်အားကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရမည်၊
(၂) အခွင့်အရေးနှင့် အဆင့်အတန်းတူဖြစ်ရမည်၊
(၃) ခွဲထွက်လိုသည့်အချိန်တွင် ခွဲထွက်ခွင့်ပေးရမည်၊
ဟု ဖော်ပြထားသည်။
ကချင်တို့ကလည်း လွတ်လပ်ရေးရပြီး ဖွဲ့စည်းမည့်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းကချင်ပြည်နယ် ပါဝင်ရေးကို အောက်ပါခြွင်းချက်နှစ်ရပ်ဖြင့် စဉ်းစားမည်။
(၁) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်ပါရေး မပါရေးကို ကချင်ပြည်နယ်
သားများကသာ ဆုံးဖြတ်ရမည်။
(၂) ခွဲထွက်လိုသည့်အချိန်တွင် ခွဲထွက်ခွင့်ပေးရန် ဟုဖေါ်ပြတောင်းဆိုသည်။
ထိုအခြေခံသဘောထားများကို ပင်လုံညီလာခံတွင် ဆက်လက်ညှိနှိုင်းဆွေးနွေးကြပြီး ၁၉၄ရ ခုဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကြီးကို ချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်၏ အနှစ်သာရ သဘောတူညီချက် (Agreement in Spirit) မှာ–
(၁) တန်းတူညီမျှသော ပြည်ထောင်စုတစ်ခုဖွဲ့စည်းရန်နှင့်
(၂) ခွဲထွက်လိုက ခွဲထွက်ခွင့် ပေးရန် ဖြစ်သည်။
ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် အကျိုးဆက်အားဖြင့် အောင်ဆန်း-အက်တလီစာချုပ်တွင်တောင်တန်းဒေသ စုံစမ်းရေးကော်မရှင် ဖြစ်ပေါ်လာသည်။ ၎င်းအဖွဲ့သည် ကရင်နီနယ်အပါအဝင်တောင်တန်းဒေသမှ ကိုယ်စားလှယ်များကို ကျယ်ပြန့်စွာ ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပြီး၊ အစီရင်ခံစာတင်သွင်းနိုင်ခဲ့သည်။ အကယ်၍ တောင်တန်းသားခေါင်းဆောင်များက ပြည်ထောင်စုအသွင်ဖြင့် ဗမာတို့နှင့် မပူးပေါင်းခဲ့လျှင် “တောင်တန်းဒေသစုံစမ်းရေးကော်မရှင်” လည်းပေါ်ပေါက်လာမည်မဟုတ်။ထိုသို့ဖြစ်ခဲ့လျှင် ဗမာနှင့် တောင်တန်းသားတို့သည် ယခုအခါ သီးခြားနိုင်ငံများအဖြစ် ရောက်ရှိနေကြပေလိမ့်မည်။
၃။ ပထဝီနိုင်ငံရေးအမြင်ဖြင့် လေ့လာခြင်း
ပထဝီနိုင်ငံရေးဆိုသည်မှာ ပကတိတည်ရှိနေသော ရေမြေအနေအထား တည်နေရာနှင့် လူမျိုး၊လူဦးရေး၊ ကိုးကွယ်သည့်ဘာသာ၊ စီးပွားရေးအခြေခံ၊ စိတ်ဓါတ်အခြေခံ စသည်တို့ကိုပါ လေ့လာပြီးထည့်တွက်စဉ်းစားသည့် နိုင်ငံရေးအမြင် ဖြစ်သည်။ ၎င်းအမြင်အရ လေ့လာကြည့်ပါက ကျနော်တို့ပြည်ထောင်စုနိုင်ငံတွင် ၁၉၇၄ ခု နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသတ်မှတ်ထားပြီးယနေ့တိုင် အသိအမှတ်ပြုနေသေးသော ပြည်နယ် (၇) ပြည်နယ်နှင့် တိုင်း (၇) တိုင်းမှာ ယေဘူယျအားဖြင့် ဗမာလူမျိုးများ နေထိုင်သည့်ဒေသဟု သတ်မှတ်နိုင်သည်။ ဤ ဖွဲ့စည်းတည်ရှိနေမှု အပေါ်အခြေခံပြီး လေ့လာကြည့်ပါစို့။
ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်များသည် ပြည်ထောင်စု၏နယ်စပ်တစ်လျှောက်တွင် တည်ရှိနေကြပြီး အိမ်နီချင်းနိုင်ငံများနှင့် ဆက်စပ်နေကြသည်။ အဆိုပါ ဆက်စပ်နေသည့်တစ်ဖက်နိုင်ငံများ အတွင်းတွင်လည်း ၎င်းလူမျိုးများရှိနေကြသည်။ ၎င်းတို့သည် နိုင်ငံသားချင်းမတူကွဲပြားသော်လည်း ၎င်းတို့အချင်းချင်းထိတွေ့ဆက်ဆံနေကြသည်။ အချို့မှာ လူမျိုးရေးအရ ခံစားချက်ခြင်းနီးစပ်ပြီး အပြန်အလှန် ရိုင်းပင်ကူညီမှုများ ရှိကြသည်။ အဆိုပါလူမျိုးများသည်ဆက်စပ်နေသောနိုင်ငံများရှိ ပြည်သူ့အစိုးရများနှင့် ပြဿနာကြီးကြီးမားမား မရှိကြပေ။ နောက်တစ်ချက်မှာ ဆက်စပ်နေသည့်နိုင်ငံများသည် မိမိတို့ပြည်ထောင်စုထက် အေးချမ်းသည်၊ တိုးတက်သည်၊နေချင်စဖွယ်လည်း ပိုရှိသည်။ ဤ အနေအထားသည် ပြည်နယ်တခုခုက မိမိတို့ပြည်ထောင်စုမှ ခွဲထွက်ပြီး သီးခြားရပ်တည်ခြင်း သို့မဟုတ် တဖက်နိုင်ငံနှင့် ပူးပေါင်းခြင်းများ ပြုလုပ််လိုအောင် ဆွဲဆောင်နေသည့် အနေအထားရှိကြောင်း တွေ့ရသည်။
ပြည်နယ်ရရှထားကြသော လူမျိုး(၇) မျိုး၏ အနေအထားအပေါ် သုံးသပ်ကြည့်ပါကသမိုင်းကြောင်းအရ လည်းကောင်း၊ လူဦးရေးအရ လည်းကောင်း၊ အခြေခံစီးပွားရေးအရလည်းကောင်း၊ နိုင်ငံရေးနိုးကြားတက်ကြွမှုအရ လည်းကောင်း စံမီကြ၍ ပြည်နယ်ရရှိထားကြခြင်းဖြစ်သည်။ နိုင်ငံရေးနိုးကြားတက်ကြွမှုအရာတွင် စံမီရုံမက- အာဏာရပြည်ထောင်စုအစိုးရအဆက်ဆက်ကိုပင်နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ပုန်ကန်ခဲ့ကြသည်။ ယနေ့တိုင် ဦးဆောင်နိုင်ငံရေးပါတီ အမျိုးသားလက်နက်ကိုင် အဖွဲ့အစည်းများ ပီပီပြင်ပြင် ရှိနေကြသည်။ ၎င်း နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း အချင်းချင်းဆက်စပ်မှု၊ ရင်းနှီးမှုကောင်းစွာရှိကြသည်။
ဗမာလူမျိုးများသည် အလယ်ပိုင်းနှင့် မြေပြန့်ပိုင်းတွင် အနေများသည်။ နယ်စပ််နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း၏ အနောက်မြောက်ဒေသများတွင် ဗမာလူမျိုးနည်းပြီး ချင်း၊ နာဂ၊ ရှမ်း၊ ကချင်စသည့် တိုင်းရင်းသားတွေက များပါသည်။ ထို့အတူ တနင်္သာရီတိုင်းတွင်လည်း ထားဝယ်သားများသည် အများစုဖြစ်ပြီး ကရင်၊ မွန်လူမျိုးများကလည်း များစွာရှိကြသည်။ ထားဝယ်သားများသည် ဗမာမျိုးနွယ်စုဝင်ဟု ဆိုသော်လည်း ဗမာလူမျိုးအဖြစ် မခံယူကိုပါ။ ၎င်းတို့တွင်“ဘိတ်-ထားဝယ်အမျိုးသားညီညွတ်ရေးတပ်ဦး” တော်လှန်ရေးအဖွဲ့အစည်းရှိသည်။
မြင်သာသည်မှာ ဗမာလူမျိုးသည် နယ်စပ်တလျှောက်တွင်အနေနည်းပြီး အလယ်ပိုင်းတွင် စုစည်းနေထိုင်ကြသည်။ တိုင်းရင်းသားများက ၎င်းတို့ကို ဝန်းရံထားသည်။ လက်ရှိပြည်နယ် (၇) ပြည်နယ်၏ အကျယ်အဝန်းသည် ဧရိယာစတုရန်းမိုင် (၁၄၃၆၅၀) ရှိပြီး တိုင်း(၇)တိုင်း၏အကျယ်အဝန်းမှာ ဧရိယာစတုရန်မိုင် (၁၁၇၅၇၈) ရှိသည်။ ထို့ကြောင့်နယ်မြေအရ ပြည်နယ်များကပို၍ကျယ်ပါသည်။ လူဦးရေအရကြည့်လျှင် တိုင်း(၇) တိုင်းပေါင်းသည် ပြည်နယ် (၇) ပြည်နယ်ပေါင်းထက် ပိုများပါသည်။ သို့သော် ဗမာလူမျိုးအားလုံးပေါင်းသည် အခြားတိုင်းရင်းသား လူမျိုးစုအားလုံးပေါင်းထက် ပို၍မများပါ။ ဗမာလူမျိုးတို့အနေနှင့် အပေါ်စီးထားရသည်မှာ ကြာပြီဖြစ်ပြီး၊တိုင်းရင်းသားများအနေဖြင့် စာပေ၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအာဏာများ ကန့်သတ်ဖိနှိပ်ခံနေရသည့်အတွက် ဗမာလူမျိုးများအဖြစ်ခံယူသူ ပိုများနေခြင်းဖြစ်သည်။
စိတ်ဓါတ်ရေးရာကို လေ့လာကြည့်ပါက ဗမာအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ တိုင်းရင်းသားအချို့သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး အချို့မှာ နတ်ကိုးကွယ်ကြသည်။ ဓလေ့ထုံးစံ ယဉ်ကျေးမှုအရ အချို့မှာ ဗမာလူမျိုးနှင့် အလွန်ခြားနားသည်။ နိုင်ငံရေးယုံကြည်ချက်အရ ဆိုပါမူ ဗမာတို့၏ကြီးစိုးမှုကို မခံလို၍ နှစ်ပေါင်းများစွာ ဆန့်ကျင်အာခံ တော်လှန်ခဲ့ကြသည်။ ယခုအခါ အချိုိ့အစည်းတို့က အာဏာပိုင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည် ဆိုသော်လည်း အခြေခံနိုင်ငံရေးအမြင် ယုံကြည်ချက်တို့တွင် ကွဲပြားလျှက် ပင်ရှိသည်။ ၎င်းကို ညှိုနှိုင်းဖြေရှင်းရန် ယနေ့အထိ စတင်နိုင်ခြင်းမရှိသေးပါ။ တိုင်းရင်းသားအများစုတို့မှာ အမျိုးသားတန်းတူရေးနှင့် လွတ်လပ်ခွင့်များ ဆုံးရှုံးနေရသဖြင့် အာဏာရအစိုးရအဆက်ဆက်အပေါ်ကျူးကျော်သူ မဟာလူမျိုးကြီးဝါဒီများအဖြစ် ရှုမြင်နေကြသည်။ ဤသို့ရှုမြင်နေပါက ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲများစွာရှိကြောင်း သိရှိနိုင်ပါသည်။
၄။ လေးနက်သောမျိုးချစ်စိတ်ဓါတ်
ပြည်ထောင်စုအတွင်းမှ ဗမာမဟုတ်သော တိုင်းရင်းသားများ၏ မျိုးချစ်စိတ်ဓါတ်သည် ဗမာလူမျိုးများထက်ပိုသည်ဟု မဆိုနိုင်သော်လည်း လျော့နည်းမည်ဟု ထင်မြင်ပါက မှားပေလိမ့်မည်။ဗမာလူမျိုးများသည် နိုင်ငံခြားသား အင်္ဂလိပ်၊ ဂျပန် နယ်ချဲ့များလက်အောက် ကျရောက်ခဲ့စဉ်ကာလတွင် မည်သို့ခံစားရသည်ကို ပြန်လည်စဉ်းစားသုံးသပ်ပါက ကျန်တိုင်းရင်းသားများ၏ ခံစားချက်ကိုနားလည်ပါလိမ့်မည်။ ဗမာတို့တချိန်က အမျိုး၊ ဘာသာ၊ သာသနာ၊ ပျောက်ကွယ်မှာ အလွန်စိုးရိမ်ခဲ့ကြသလို ကျန်တိုင်းရင်းသားများအနေနှင့် ကြာမြင့်ခဲ့သည့် အချိန်မှ ယနေ့ထိတိုင် စိုးရိမ်နေကြဆဲဖြစ်သည်။ ဤသည်ကို ဗမာခေါင်းဆောင်များ လေးလေးနက်နက် ကိုယ်ချင်းစာ ထည့်တွက်စေလိုသည်။
လူမျိုးဆိုသည်မှာ ယျေဘုယျအားဖြင့် ဘာသာစကား စာပေ ယဉ်ကျေးမှုချင်း တူညီသောလူစုကို ခေါ်ဆိုကြသည်။ ဤသို့ တူညီနိုင်ရန်မှာ နှစ်ပေါင်းထောင်သောင်းချီ၍ အတူတကွနေထိုင်သွားလာရွေ့လျားရင်း ဒုက္ခအန္တရာယ် အသွယ်သွယ်ကို အတူတကွ တွန်းလှန်ကာကွယ်ခဲ့ကြသော ကောင်းတူဆိုးဘက် ကံကြမ္မာချင်းဆက်နေကြသည့် ဘိုးဘေးဘီဘင်များမှ ပေါက်ပွားလာသူများ ဖြစ်ကြရပေမည်။ အရင်းစစ်ပါက လူမျိုးဆိုသည်မှာ ဆွေမျိုးသားချင်းများ ဖြစ်ကြရသည်။ လူ့ဘဝသမိုင်းကိုလေ့လာလျှင် လူတို့သည် တစ်စုနှင့်တစ်စု တိုက်ခို်က်သတ်ဖြတ်ပြီး ပစ္စည်းဥစ္စာနှင့် နေရာကိုလု၊စစ်ရှုံး၍ ထွက်မပြေးနိုင်သည်ကို ကျွန်ပြုခဲ့ကြသည်။ ထို့ကြောင့် လိုအပ်မှုအရ အုပ်စုဖွဲ့နေထိုင်ရင်းဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ ဖြစ်ပေါ်လာသည်။ ကျေးရွာ၊ မြို့ပြ၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ ထိုသို့အုပ်စု အလိုက်သာ ရှင်သန်ရပ်တည်ကြီးပွားနိုင်သော ဖြစ်စဉ်အတွင်း လူတို့မှာအုပ်စု ချစ်စိတ်၊ မျိုးချစ်စိတ်သည် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့ကြသည်။ ခေတ်ကာလမည်သို့ပင်ပြောင်း စေကာမူ ယနေ့အထိ လူမျိုး၊ နိုင်ငံခွဲခြားမှုသည် ရှိနေဆဲဖြစ်ပြီး ၎င်းကို အရင်းစစ်ကြည့်ပါက ကိုယ်ကျိုးစီးပွားကို ကာကွယ်နေခြင်းဖြစ်ကြောင်း တွေ့ရမည်။
မျိုးချစ်စိတ်သည် နိုင်ငံရေးအယူဝါဒ ယုံကြည်မှုထက်များစွာ နက်ရှိုင်းသည်။ ထိုသို့နက်ရှိုင်းကြောင်းကို ရေရှားသော နေရာသို့ရောက်မှ ရေ၏တန်ဖိုးကို လေးလေးနက်နက်သိရှိနိုင်သော လူများကဲ့သို့ နိုင်ငံပျောက် ဖိနှိပ်မှုအောက်ရောက်နေသော လူမျိုးများက ပို၍သိရှိနားလည်ကြသည်။ ကားမက်(စ်)၊ လီနင်နှင့် သခင်– တို့က လူမျိုးရေးပြဿနာသည် လူတန်စားပြဿနာ၏ လက်အောက်ခံဟုဆိုခဲ့ကြသော်လည်း ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီယားနိုင်ငံများနှင့် ကွန်မြူနစ်ပါတီအတော်များများ ပျက်ပြားပျောက်ကွယ်သွားကြပြီး၊ မျိုးချစ်စိတ်ဓါတ််ကား နိုင်ငံတကာတွင် လည်းကောင်း၊ပြည်တွင်းမှာလည်းကောင်း ရှင်သန်ရှေ့တိုးနေဆဲပင်။
ကျွနိုပ်တို့နိုင်ငံတွင် လူမျိုးရေးဆိုင်ရာ အခွင့်အရေးများ အသိအမှတ်ပြုမှု မခံရခြင်းနှင့်လူမျိုးရေးအရ ဝါးမျိုးဖျောက်ဖျက်ခံရမှုမှ လွတ်မြောက်ရန် ကရင်နီ၊ မွန်၊ ရခိုင်တို့က လွတ်လပ်ရေးရသည်ဆိုသည့် ၁၉၄၈ ခုနှစ်မှစ၍ ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်ဆန်းတွင် ကရင်တို့ကလည်းကောင်း၊ နှစ်ကုန်ပိုင်းတွင် ပအိုဝ်းတို့က လည်းကောင်း လက်နက်ကုုိင်တော်လှန်လာကြပြန်သည်။ ရှမ်း၊ ကချင်၊ ချင်း၊ ပလောင်၊ လားဟူ၊ ဝ၊ နာဂ စသည်တို့က ၁၉၅၈ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်တွင် အသီးသီးရုန်းကန် တိုက်ပွဲဝင်လာကြသည်။ ထိုလက်နက်ကိုင် အဖွဲ့အစည်းများသည် အသွင်သ အရ ပြောင်းလဲမှုအချို့ရှိသော်လည်း ယနေ့ထက်တိုင် တည်ရှိနေဆဲပင်။
တိုင်းရင်းသားများလူမျိုးစုများ၏ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးသည် မိမိတို့အမျိုးသားရေးကိုသာ အဓိကထား တိုက်ပွဲဝင်နေသဖြင့် မိမိတို့လူမျိုး၏ ထောက်ခံအကူအညီပေးမှုကိုသာ ရရှိသည်။ အချို့သောဗမာခေါင်းဆောင်များက ထိုအမျိုးသားလက်နက်ကိုင်အဖွဲ့များအပေါ်နယ်ချဲ့လက်ပါးစေများဟု ထင်မြင်စွပ်စွဲကြသော်လည်း မည်သည့်နိုင်ငံ တခုခုကမျှ လက်နက်ငွေကြေးထောက်ပံ့ခြင်းမျိုး မရှိခဲ့ပါ။ မိမိတို့အမျိုးသားပြည်သူများ၏ ထောက်ပံ့ကူညီမှုဖြင့်သာကြပ်ကြပ်တည်းတည်း ရပ်တည်ခဲ့ရင်း တဖြည်းဖြည်းချင်း တိုးတက်အားကောင်းလာခြင်းဖြစ်သည်။
ဒီမိုကရေစီအရေးအပေါ် အခြေခံသော ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ လက်နက်ကိုင်တော်လှန်ရေးသည် နိုင်ငံတစ်ချို့၏ အကူအညီဖြင့် ၁၉၇၀ မှစပြီးအရှိန်အဝါကောင်းကောင်းနှင့်ပေါ်ထွက်လာသော်လည်း (၅) နှစ် (၆) နှစ် အတောအတွင်းမှာပင် ချုပ်ငြိမ်းသွားခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံတကာအလုပ်သမားညီအစ်ကို သဘောထားအရ ပြင်ပမှ လက်နက်ကျည်ဆံ၊ ငွေကြေး၊ ဆေးဝါး အစုအပြုံနှင့် ရခဲ့ပါသော်လည်းအနှစ် (၅၀) ကျော်တော်လှန်ရေးခရီးမှာအစမ်းသပ်မခံနိုင်ခဲ့ပါ။ အမြင်ကျဉ်းသူများဟု အပြောခံနေရသော အမျိုးသားတော်လှန်ရေးအင်အားစုများကမူ အင်အားကြီးမားသည့်ဖြတ်လေးဖြတ်၊ ဝိုင်းပတ်ပိတ်ဆို့စစ်ဆင်ရေးနည်းဗျူဟာများကို ခုခံ၍ အရှိန်အဟုန် မပြင်းသော်လည်း ရှင်သန်လှုပ်ရှားရှေ့တိုးနေဆဲပင်။ ဤသို့ ရပ်တည်နေနိုင်သည်မှာ ခိုင်မာသော မျိုးချစ်စိတ်သပေါ် အခြေပြုခြင်းဖြစ်ကြောင်း သာဓကမီးမောင်းထိုးပြလိုက်ခြင်း ဖြစ်တော့သည်။
၅။ သင့်မြတ်မှန်ကန်သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးသဘောထား
လူတိုင်းသည် လူမျိုးတစ်မျိုးတွင် ပါဝင်နေပြီး လူမျိုးတိုင်းသည် နိုင်ငံတစ်ခုခု၏ အဝန်အဝိုင်းတွင် ရပ်တည်နေကြသည်။ အစုအဖွဲ့နှင့် နေမှ ရပ်တည်နိုင်သော လောကကြီးတွင် ငါ့မှာ လူမျိုးရေးစိတ်ဓါတ်မရှိဟု ဆိုသူသည် ရေပေါသောနေရာတွင် ကြီးပြင်းနေထိုင်သူက ရေ၏တန်ဖိုးကို မသိခြင်းသဘောမျိုးပင်။ နိုင်ငံတစ်ခုတွင် လူမျိုးတစ်မျိုးတည်းသာ ရှိသည်ဟူ၍ မရှိ။ အနည်းဆုံး ၃-၄ မျိုးမှအများဆုံး ၃-၄၀၀ အထိ ရှိနိုင်သည်။ သို့သော် ပဓန သို့မဟုတ် အများစု သို့မဟုတ် အာဏာရလူမျိုးသည် တစ်မျိုးတည်းသာ ဖြစ်သည်။ ထိုအဆင့်နေရာကို ရထားသောလူမျိုးအနေနှင့် ယေဘုယျအားဖြင့် အမျိုးပျောက်မှာ စိုးရိမ်စရာ အကြောင်းမရှိပါ။ ဖောင်ပေါ်နေသူ ရေမရှားသလိုပင်။
ဤသို့သော အနေအထားမျိုးတွင်ပင် ပြည်ပမှ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ ဝင်ရောက်လွှမ်းမိုးလာမည်ကို စိုးရိမ်ပြီး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးအတွက် လုပ်ငန်းများစွာကို လုပ်နေကြသေးသည်။ ဥပမာ-ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအတွက် နန်းတော်ဟောင်း၊ ကျောင်းဟောင်း၊ စေတီဟောင်းများ ပြင်ဆင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းများကိုလည်းကောင်း၊ ယဉ်ကျေးမှုထိန်းသိမ်းရေးအတွက် အဆိုအကအရေးအတီးပြိုင်းပွဲများကို မြို့နယ်မှဗဟိုအထိ နှစ်စဉ်ကျင်းပခြင်းကို လည်းကောင်း၊ ယဉ်ကျေးမှုပြတိုက်များ ဆောက်လုပ်ခြင်းကို လည်းကောင်း၊ ရိုးရာပွဲတော်များဖြစ်သည့် လှေပြိုင်ပွဲ၊ လှည်းပြိုင်ပွဲနှင့် မြင်းခင်းသဘင် စသည်များ ကျင်းပခြင်းကိုလည်းကောင်း ဘဏ္ဍာငွေ အမြောက်အမြားအကုန်အကျခံပြီး လုပ်ဆောင်နေကြသည်။
ကျန်တဖက်အတွက် ဒုတိယတန်းစား သို့မဟုတ် အနှိမ်ခံ သို့မဟုတ် အာဏာမဲ့ လူမျိုးများမူ မိမိတို့ ဘာသာစကား၊ စာပေများကို မိမိတို့ဒေသအတွင်းတရားဝင် (ရုံးသုံးဘာသာအဖြစ်) အသုံးပြုခွင့်မရှိ၊ အစိုးရစာသင်ကျောင်းများတွင် တရားဝင်သင်ကြားခွင့်မရှိ ဖြစ်နေရသည်။ ထိုသို့ တရားဝင်သုံးစွဲခွင့်မပြုခြင်းသည် အရာတခုကို တန်ဖိုးမဲ့သော ပစ္စည်းတစ်ခုကို မည်သူတို့က ကြာကြာ ထိန်းသိမ်းကြမည်နည်း။ တနည်းအားဖြင့် မိုးထဲရေထဲမြောင်းထဲသို့ ပစ်ချစေပြီး အလိုလိုဆွေးမြေ့ပျက်စီးသွားစေရန် ဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။ ဘာသာစကား၊ စာပေ၊ မရှိတော့သော လူမျိုးတစ်မျိုးသည် ဘာဖြစ်သွားမည်နည်း။ မြေနိမ့်ရာ ကန်တူးပြီး၊ ကုန်းမြင့်အား ထပ်ဖို့နေခြင်းသည် ညီညာသော မြေပြင်ကို မည်သည့်အခါမျှ ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပါ။
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသော ကျွနု်ပ်တို့ တိုင်းရင်းသားများသည် ကျွန်ုပ်တို့၏ ပြည်ထောင်စုနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာတိုးတက်ရေးသတွက် အားလုံးတွင်တာဝန်ရှိသည်။ အားလုံးက ကြိုးပမ်းကြရမည်။ မှန်ပါသည်။ သို့သော် တာဝန်မှာ တူညီသလိုအခွင့်အရေးမှာလည်း တူညီဖို့လိုသည်။ မျှတမှုရှိမှ စည်းလုံးမှုရှိနိုင်မည် ဆိုသည်ကို အထူးပြောပြနေရန် လိုမည်မထင်ပါ။
ကမ္ဘာ့လွှမ်းခြုံယှက်နွယ်မူ (Globalization) ခေတ်ကြီးတွင် အင်အားပိုမိုကြီးသူတို့ကစီးပွားရေးသရသာ လွှမ်းမိုး သွားနိုင်သည်မဟုတ််။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအရလည်း ဝါးမျိုလွှမ်းမိုးသွားမည့် အန္တရာယ်ရှိကြောင်း အများသိကြပါသည်။ အင်အားကြီး အနောက်အုပ်စုကလွှမ်းမိုးနိုင်ရန်သလို လူဦးရေသန်းပေါင်းထောင်ကျော်ရှိသည့် နိုင်ငံကြီးနှစ်ခုက ဝန်းရံလျှက်ရှိသည်ကိုလည်း သိကြပါသည်။ တကယ်ပင် စိုးရိမ်စရာရှိပါသည်။ သို့သော် ထိုအန္တရာယ်သည် နက်ဖြန်သို့မဟုတ် တနေ့သောအခါမှ ရောက်လာနိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့တိုင်းရင်းသားများအဖို့ ယခုလောလောဆယ် ရင်ဆိုင်နေရသည်က မဟာဗမာလူမျိုးကြီးဝါဒ ဖြစ်နေပါသည်။
ကျွနိုပ်တို့သည်လူမျိုးအရ ကွဲပြားမှုရှိနေသော်လည်း နိုင်ငံတစ်ခုတည်းတွင် အတူတကွ နေထိုင်ကြသည်။ မကျေနပ်မမှုမည်သို့ပင်ရှိစေ၊ လူမျိုးစုအလိုက် မောင်းထုတ်၍ မရသလို ထွက်ပြေး၍လည်း မရပါ။ နားခိုစရာမြေမရှိ။ အတူတကွနေကြရမည်သာ။ ကောင်းသူဆိုးဖက်ကံကြမ္မာချင်းဆက်စပ်နေကြသည်။ ကျွနိုပ်တို့နိုင်ငံသည် သဘာဝ ရေ၊ မြေ၊ ရာသီဥတု သင့်တော်ကောင်းမွန်သည်။ စိုက်ပျိုးမြေလုံလောက်စွာ ရှိသည်။ မြေပေါ်မြေအောက် သဘာဝ သယံဇာတပစ္စည်းများလည်း များစွာရှိသည်။ မီးတောင်၊ ငလျင်၊ မုန်တိုင်း စသော သဘာဝဘေးအန္တရာယ်တွေလည်း အလွန်နည်းသည်။ သို့ပါသော်လည်း ကမ္ဘာတွင် ဖွံ့ဖြိုးမှုအနည်းဆုံး (အဆင်းရဲဆုံး) နိုင်ငံစာရင်းဝင် ဖြစ်နေရသည်။
ကျွနိုပ်တို့နိုင်ငံသားများသည် ပြည်ပတွင် စစ်ပြေးဒုက္ခသည်များအဖြစ် လူဦးရေသိန်းကျော်ရောက်ရှိနေရသည်။ အလုပ်ရှာဖွေရေးအတွက်လည်း ပြည်ပတွင် တရားမဝင် သိန်းနှင့်ချီ ရောက်ရှိနေကြသည်။ ပြည်သူများ၏ ဘဝသည် လုံခြုံမှုမရှိ၊ နေရာတကာတွင် ကြောက််လန့်နေရပြီး အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရသည်။ ဤသို့သော် အခြေအနေဆိုးများ အဘယ်ကြောင့် ဖြစ်ပေါ်လာရသနည်း။ အကြောင်းရှာသော ပြည်တွင်းစစ်ကြောင့် ဖြစ်လာရသည်။ ပြည်တွင်စစ်အဘယ်ကြောင့်ဖြစ်ရသနည်း။ မညီညွတ်မှုကြောင့်။ မညီညွတ်မှုဘာကြောင့် လူမျိုးစုံနှင့် ပတ်သက်သော မှန်ကန်သည့် သဘောထားမရှိသောကြောင့် ဖြစ်ရသည်။ ထို့ကြောင့် ဤအဖြစ်ဆိုး၊ အခြေအနေဆိုးများမှလွတ်မြောက်ရန် မှန်ကန်သည့် သဘောထား၊ မှန်ကန်သည့် နည်းနာများဖြင့် ဖြေရှင်းသင့်ပါကြောင်းတင်ပြလိုပါသည်။
ရ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအပေါ် သဘောထား
ပြည်ထောင်စုခေါ် နိုင်ငံတစ်ခု၏ စည်းဝိုင်းအတွင်းနေထိုင်ကြသော ကျွနိုပ်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူအားလုံးသည် လှေကြီးတစ်စင်းပေါ်တွင် အတူတကွလိုက်ပါပြီး ခရီးတစ်ခုတည်းကိုသွားနေကြသူများနှင့် ပုံစံတူသည်။ ထိုခရီးမှာ သာယာကောင်းမွန်သော လူ့ဘောင်သစ်တစ်ခုဆီသို့ရောက်ရှိရေး ဖြစ်သည်။ ထိုလှေကြီးသည် ၁၉၄၈ ခုနှစ််ဆန်းကပင် စတင်ခရီးထွက်ခဲ့သည်။ ပင်လယ်ပြင်ကြီးထဲရောက်ရှိနေပြီးဖြစ်၍ မလိုက်ချင်သူအတွက်လည်း ဆင်းနေခဲ့ရန် မဖြစ်နိုင်သလို မလိုက်စေချင်သူကလည်း ငြင်းပယ်နေ၍ မရတော့ပါ။ ဘဝကံကြမ္မာက ဆက်စပ်နေပြီး လိုရာခရီးသို့ အမြန်ရောက််ရှိရေးနှင့် ဘေးအန္တရာယ်ဆိုးများမှ ကင်းလွတ်ရေးအတွက် အားလုံးတူညီလက်တွဲကြိ့ုးပမ်းတာဝန်ယူကြရမည်။ ဤကား ဘဝပေးတာဝန်၊ သို့သော်မည်သူတွေက မည်သို့သဘောထား၍ မည်မျှအနစ်နာခံ ဖော်ဆောင်ခဲ့ကြ၊ ဖော်ဆောင်နေကြပါသနည်း။ စမ််းစစ်ကြည့်မည်ဆိုလျှင်-
ဝန်ကြီးချုပ်ဦးနု၏ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် ၁၉၅၈ ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင်ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့် သင်ပုန်းခြေရေးနှင့် လက်နက်စွန့်ပြီး ဥပဒေဘောင်ထဲဝင်ကာနိုင်ငံရေးပါတီ ထူထောင်ရေး ကမ်းလှမ်းချက်သည် အာဏာရအစိုးရနှင့် တပ်မတော်ဘက်ကသဘောထားကြီးမားမှု များစွာရှိကြောင်းကို ဖော်ပြသဖြင့် ပြည်သူလူထုတစ်ရပ်လုံးကလည်း လိုလားထောက်ခံခဲ့ကြသည်။ ထို့အတူ ပြည်သူ့ရဲဘော်တပ်ဖွဲ့၊ မွန်ပြည်သူ့တပ်ဦး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့်၊ ရခိုင်ပြည်သူလွတ်မြောက်ရေးအဖွဲ့တို့ကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြင့်မြတ်သောစေတနာဖြင့် ဝင်ရောက်လက်နက်အပ်ကာ နိုင်ငံရေးအရ ပြေလည်မှုရအောင်လုပ်ခဲ့သည်ကို တွေ့ရသည်။ ဤသည်တို့မှာ နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန်ပြည်သူလူထု၏ ဆန္ဒမဲအဆုံးအဖြတ်ကို ရိုးသားစွာခံယူကြခြင်းဖြစ်သည်။ ထိုအချိန်က နိုင်ငံရေးအင်အားစုအားလုံးသည် နိုင်ငံအပေါ် စေတနာကောင်းရှိကြောင်းနှင့် သဘောထားကြီးကြောင်းကိုပြသခဲ့ကြသည်။
၁၉၆၂ ခုနှစ်တွင် ပါလီမန်၌ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆိုများ အားကောင်းပြင်းထန်လာသည်။ ဒီမိုကရေစီလုုပ်ထုံးလုုပ်နည်းအရပါလီမန်တွင် ဆွေးနွေးဆုံးဖြတ်ခြင်းကို မိမိတို့ ဆန္ဒအလိုနှင့် မကိုက်ညီသောအခါ ဗိုလ်ချုပ်နေဝင်းနှင့်ခေါင်းဆောင်တစ်ချို့တို့က တိုင်းပြည်ပြိုကွဲတော့မည်ဟု အကြောင်းပြပြီး နိုင်ငံခေါင်းဆောင်များကိုဖမ်းဆီးကာ အာဏာသိမ်းခဲ့သည်။
ဤသည်မှာ လက်နက်ကိုအပ်၊ တပ်ဖွဲ့ကိုဖျက်သိမ်းပြီး ငြိမ်းချမ်းစွာ တရားနည်းလမ်းအရ ဝင်ရောက်ဖြေရှင်းခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့စည်းများ၏ ရိုးသားသည့် စေတနာအပေါ် အမြတ်ထုတ်၊ မတရားပြုလုပ်ခြင်းဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် နောက်နောင်တွင် အချင်းချင်းအပေါ်ယုံကြည်မှုနည်းပါးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်ပြားခက်ခဲ လာခဲ့သည်။ ထိုလုပ်ရပ်၏ အကျိုးဆက်ကြောင့် ပြည်တွင်းစစ်မီးကြီးကျယ်ပြင်းထန်စွာ တောက်လောင်လာရပြီး တိုင်းပြည်မွဲပြာကျခဲ့သည်။
၁၉၆၉ ခုလောက်တွင် ဝန်ကြီးချုပ်ဟောင်း ဦးနုသည် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်။ ဝန်ကြီးချုပ်ဟောင်းဆိုသည့် အရှိန်အဝါနှင့် ၎င်း၏ ပါလီမန်ဒီမိုကရေစီပါတီတစ်ပါတီတည်းဖြင့် နိုင်ငံတကာတွင် ထိုးဖောက်ရန်ကြိုးစားခဲ့သည်။ သို့သော်ဘာမျှ အလုပ်မဖြစ်ခဲ့။၁၉၇၀ ခုတွင် ဒေသခံ တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပူးပေါင်းပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံညီညွတ်ရေး နှင့်လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ) ကို တည်ထောင် ဖွဲ့စည််းခဲ့သည်။
နောက်ပိုင်းတွင် ချင်းဒီမိုကရေစီပါတီနှင့် ဂျင်မီယန်း ဦးဆောင်ေ သာ ရှမ်းမျိုးချစ်တပ်ဦးတို့ ပါဝင်လာသည်။
ထိုအခါကျမှ ပြင်ပ၏ ယုံကြည်မှုကို ရရှိခဲ့ပြီး ပြည်ပကုမ္ပဏီတစ်ချို့၏ ကြိုတင်အရင်းစိုက်ချေးငွေ အကူအညီများ ရရှိခဲ့သည်။ ထိုသို့ငွေများ ရရှိသောအခါ မွန်၊ ကရင်၊ ချင်း၊ ရှမ်းအဖွဲ့များအားအနည်းအကျဉ်းစီသာ ခွဲဝေပေးပြီး အများစုကြီးကို ဦးနုု၏အဖွဲ့က ယူထားလိုက်သည်။ ထိုသို့မညီမမျှရှိခဲ့ရာက မကြာမီ မကျေမလည် ဖြစ်လာသည်။ နောက်ပိုင်းတွင် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ နိုင်ငံရေးအရ အငြင်းပွါးခဲ့ကြသည်။ နောက်ဆုံးတွင် ဦးနု၏ ပါလီမန်ဒီမိုကရေစီ ပါတီမှထွက်ပြီး အိန္ဒိယတွင် သွားရောက်နားခိုခဲ့သည်။ ဦးနု၏ ပါလီမန်ဒီမို််ကရေစီပါတီနှင့်ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်တို့သည်လည်း ၁၉၇၅ – ရ၆ လောက်တွင် အစိပ်စိပ်အမွှာမွှာကွဲကာ တိမ်မြုပ်ပျောက်ကွယ် သွားခဲ့ရသည်။
၁၉၆၈ ခုနှစ်အတွင်းက (မဒတ) ခေါ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၏ အဖွဲ့ဝင်ကိုယ်စားလှယ်််များသည် (ဗကပ) ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ဖြစ်သော ပန်ဆန်းသို့ရောက်ခဲ့သည်၊ထိုစဉ်က (မဒတ) တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၁၁) ဖွဲ့ပါဝင်နေပြီးတိုင်းရင်းသားများစုစည်းမှု အားကောင်းနေချိန် ဖြစ်သည်။ တစ်ဖက်တွင် (ဗကပ) သည် တပ်အင်အား၊ လက်နက်အင်အား ပြည့်စုံကောင်းမွန်ပြီး အရှိန်အဝါနေချိန်လည်းဖြစ်သည်။ အကယ််၍ ဤအင်အားစုနှစ်ခုသာ နားလည်းမှုရှိပြီး လက်တွဲနိုင်ပါက နိုင်ငံရေးအရရော စစ်ရေးအရပါ (မဆလ) အစိုးရကို လှုပ်ခါနိုင်သော အနေအထားတွင်ရှိသည်။ သို့သော် နှစ်ဖက်ညှိနှိုင်းရာတွင် (မဒလ) ကတင်ပြသော တိုင်းရင်းသားများ၏ အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို (ဗကပ) တို့ဘက်မှလက်မခံ၊ တန်းတူရေးနှင့် သွေးစည်းညီညွတ်ရေးမှုပေါ်တွင်သာ ရပ်တည်ခဲ့သည်။ ထို့ကြောင့်နိုင်ငံရေးအရ ညှိနှိုင်း၍မရ၊ လက်တွဲရန် နေရာမကျဖြစ်ခဲ့ရသည်။
အမှန်စင်စစ် ထိုအချိန်က (ဗကပ) ၏ တပ်အင်အားသည် ဝ၊ ကိုးကန့်၊ အာခါ၊ ရှမ်း၊ လားဟူ၊ ပလောင်စသော တိုင်းရင်းသားလူမျိုးများနှင့်သာ အဓိက စုစည်းထားသည်။ သို့သော်လည်း တိုင်းရင်းသားများ၏ ရရှိသင့်သော အခွင့်အရေးများကို အလေးအနက်ထည့်မတွက်ခဲ့ပါ။ ဝ၊ ကိုးကန့် စသောတိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု တိုးတက်ရေးကိုလည်း အားပေးဆောင်ရွက်ခြင်းမရှိပါ။ ခေတ်နောက်ကျသော တောင်ပေါ်တိုင်းရင်းသားလူမျိုးများအပေါ် ခိုင်းဖတ်သဖွယ်သဘောထားခဲ့သည်။
(ဗကပ) ၏ ဤသဘောထားကြောင့် တော်လှန်ရေးအလားအလာ တိုးတက်ကောင်းမွန်လာအောင်ဖန်တီးယူနိုင်သော အခွင့်အရေးကောင်းတစ်ရပ် လက်လွှတ်ခဲ့သည်။ ထိုထက်မက (ဗကပ) လက်အောက်ရှိ တိုင်းရင်းသားများသည် ၎င်းတို့၏ လူမျိုးစုအရေးအပေါ် ထားရှိသော (ဗကပ) တို့၏သဘောထားကို မကျေမနပ် ဖြစ်လာကြသည်။ ဤသို့ဖြင့် ၁၉၈၉ ခုနှစ်တွင် (ဗကပ) ၏ ခြေလက်ခန္ဓာသဖွယ်ဖြစ်သော တိုင်းရင်းသားအင်အားစုများခွဲထွက်ကြကုန်သဖြင့် ဦးခေါင်းတစ်လုံးသာကျန်သည့် (ဗကပ) သည် ပြည်တွင်းမှာ မရပ်တည် နိုင်တော့သည်အထိ ဖြစ်ခဲ့ရသည်။ တော်လှန်ရေးကာလတစ်လျှောက်တွင် နိုင်ငံရေးအရရော စစ်ရေးအရပါ ဦးဆောင်မှုအခန်းမှ ရပ်တည်လာခဲ့သော(ဗကပ)သည် မြေမျိုခံရသည့်နှယ် မြေအောက်လျှိုတော်လှန်ရေးဘဝ ရောက်သွားခဲ့ရသည်။
အထက်ဖော်ပြပါ အတွေ့အကြုံအဖြစ်အပျက်များက သက်သေပြညွန်းဆိုနေသည််မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မှန်ကန်သောသဘောထား ရှိလျှင်ရှိသလို ပြေလည်ပြီးတိုးတက်ရန်လမ်းစပေါ်ထွက်လာသည်။
ထို့အတူ မှန်ကန်သော သဘောထားလမ်းကြောင်းမှ ဘေးထွက်တိမ်းချော်သွားသည်နှင့် ဆုံးရှုံးမှုအန္တရာယ်များနှင့် ရင်ဆိုင်ကြရသည်မှာလည်း သင်ခန်းစာ ယူစရာကောင်းပါသည်။
၈။ အကြပ်အတည်းပေါင်းစုံမှ ထွက်ရပ်လမ်း
လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းစစ်သည် နေမြင့်လေ အရူးရင့်လေ အရူးရင့်လေဆိုသလို တဖြည်းဖြည်းနှင့် ကြီးထွားကျယ်ပြန့်လာသည်။ တစ်ခါတစ်လေ အရှိန်သေတော့မယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်ခဲ့သော်လည်း နားလည်းမှုမရနိုင်ဘဲ၊ ပျက်ပြယ်ခဲ့ရသည်က များပါသည်။ လူမျိုးရေးဆိုင်ရာ ပဋိပက္ခ၊ ဝါဒရေးရာဆိုင်ရာ ပဋိပက္ခများကြောင့် အစိုးရအတွင်း အကွဲအပြဲများ ဖြစ်ပေါ်လာခဲ့ရသည်။ အာဏာသိမ်းမှုများ ဖြစ်ခဲ့ရသည်။
၁၉၆၃ ခုနှစ်တွင် တွေ့ဆုံဆွေနွေးပွဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာသော်လည်း အောင်မြင်မှုမရှိခဲ့ပါ။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲ ပြဌာန်းသော််လည်း ထူးခြားကောင်းမွန်လာခြင်းမရှိ။ အစိုးရနှင့် ကျောင်းသား အစိုးရနှင့် အလုပ်သမားထုအကြား ပဋိပက္ခအကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် တစ်တိုင်းပြည်လုံးအနှံ့ အုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီး သွေးထွက်သံယိုမှုကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့သော်လည်းပြဿနာကို မဖြေရှင်းနိုင်ဘဲ ပြဿနာသစ်များသာ ထပ်တိုးလာခဲ့သည်။ ၁၉၉၃ မှ ၉၆ ခုနှစ်အထိအမျိုးသားညီလာခံကျင်းပခဲ့သော်လည်း ပြဿနာကို တစ်စုံတစ်ရာ လျော့ပါးသွားအောင် မလုပ်ဆောင်နိုင်ခဲ့ပါ။ တစ်ဖက်တွင် လက်နက်ကိုင် ပဋိပက္ခများကို အပစ်အခတ်ရပ်စဲရေးနည်းဖြင့်တစ်ဖွဲ့ပြီးတစ်ဖွဲ့ လုပ်နိုင်ခဲ့သော်လည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှုမရှိသဖြင့် အပစ်အခတ်ရပ်စဲရေး အဆင့်မှာပင် တစ်ဆို့နေသည်။
အရေးပါသော အင်အားကြီးနိုင်ငံတစ်ချို့၏နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့အကြပ်ကိုင်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ၂၀၀၄ ခုနှစ်မေလ (၁၇) ရက်တွင် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပနေသော်လည်း ပါဝင်သင့်သော အဖွဲ့အစည်း အချို့နှင့် ပုဂ္ဂိုလ်အချို့ပါဝင်ခြင်းမရှိသဖြင့်
အထွေထွေနိုင်ငံရေး အကြပ်အတည်းမှ ဖောက်ထွက်နိုင်ရန် အလားအလား မမြင်တွေ့ရပါ။
ယခုအခြေအနေတွင် အာဏာရစစ်အစိုးရနှင့် တပ်မတော်အင်အားစု၊ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒီမိုကရေစီအဖွဲ့များ အင်အားစုအမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုနေသော နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အပစ်အခတ်ရပ်အဖွဲ့များနှင့်လက်နက်ကိုင်တိုက်ပွဲဝင်နေဆဲအဖွဲ့များဖြစ်သော တိုင်းရင်းသားအင်အားစုများဟူ၍ အင်အားကြီး (၃) စု ရှိနေကြသည်။ ဤအင်အားကြီး (၃) ခုတွင် မတူခြားနားသော နိုင်ငံရေးဦတည်ချက်များနှင့်ကျောထောက်နောက်ခံအင်အားများ ရှိနေကြသည်။ မိမိတို့၏ နိုင်ငံရေးဦးတည်ချက်ကို အသက်နှင့်လဲပြီး ရပ်တည်ကာကွယ်သွားရန် ခိုင်မာသော ယုံကြည်ချက်များ ရှိနေကြသည်။ နှစ်ပေါင်းများစွာအသက်ပေါင်းများစွာ ရင်းပြီးကာကွယ်ခဲ့၊ အကောင်အထည်ဖော်ခဲ့ကြပြီးလည်း ဖြစ်သည်။ မည်သည့်ဘက်မှ မိမိတို့၏ ရပ်တည်ချက်ကို ပေါ့ပေါ့တန်တန်နှင့် လက်လွှတ်အလျော့ပေးပြီး အခြားဘက်ကိုအာဏာကုန်လွှဲအပ်ပေးနိုင်သော အခြေအနေမရှိ၊ ၎င်းတို့၏ နိုင်ငံရေးရပ်တည်မှုသည် ၎င်းတို့၏ဘဝနှင့် ဆက်စပ်နေသည်။
ထို့ကြောင့် ဤပြဿနာကို လွယ်လွယ်နှင့် ဖြေရှင်းနိုင်သော အခြေအနေမျိုးမရှိပါ။ ဤပြဿနာကိုအချို့က ဒီမိုကရေစီအရေးဟု လွယ်လွယ်နှင့် အမည်ပေးကြသည်။ အဘယ်ကြောင့်ဆိုသော် စစ်အာဏာရှင်စနစ်အောက်တွင် ဒီမိုကရေစီအခွင့်အရေးများ ပျောက်ဆုံးနေရသောကြောင့် ဒီမိုကရေစီရရှိရေးသည်သာ အဓိကလိုအပ်ချက်ဟု ရှုမြင်သောကြောင့်ဖြစ်သည်။ သို့သော် စစ်အာဏာရှင်စနစ်အဘယ်ကြောင့် ဖြစ်ပေါ်ခိုင်မြဲနေရသည်ကို ထည့်မတွက်မိ၍ ထိုသို့မြင်ပါလိမ့်မည်။
ဥပမာအားဖြင့် လူနာတစ်ယောက်အဖျားတက်ပြီး ချမ်းတုန်နေသည်ကို တွေ့ရသဖြင့် စောင်ခြုံပေးရမည် (သို့) မီးပုံပေးရမည်််ဟု တွက်ဆကြသလိုပင်။ အဘယ်ကြောင့် ချမ်းတုံလာရသည်ကို ထည့်မတွက်ဘဲ စောင်ခြုံ (ဝါ) မီးပုံပေးပါက ခဏသက်သာကောင်းသက်သာမည် (သို့) အတွင်းရောအပြင်ပါပူပြီး လူနာအခြေအနေပိုဆိုး သွားနိုင်သည်။ အရင်းခံရောဂါ ပျောက်ကင်းနိုင် မည်မဟုတ်ပါ။
ထို့ကြောင့် အပေါ်ယံကိုကျော်ပြီး လေးလေးနက်နက်ရှုမြင်သင့်သည်။ တစ်ချိန်က ကျွနိုပ်တို့နိုင်ငံတွင် ဒီမိုကရေစီ အတော်အတန် ရှိခဲ့သည်။ သို့သော် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးတောင်းဆိုမှုကို မပေးလို၍ တပ်ကိုအားမွေပြီး စစ်အင်အားဖြင့် ဖိစေခဲ့သည်။ တိုင်းရင်းသားများဘက်ကလည်း မခံနိုင်၍ လက်နက်တော်လှန်သည်။ ၎င်းကိုအနိုင်ယူချေမှုန်းရန် တပ်ကိုပိုမိုအားဖြည့်ပြင်ဆင်ပြီး တိုက်ခိုက်စေခဲ့သည်။ ဤသို့ဖြင့် စစ်တပ််ကို ပိုမိုအားဖြည့် အာဏာပေးရင်း ချုပ်ကိုင်မှုလွတ်ထွက်သွားသည်ကတစ်ကြောင်း၊ စစ်တပ်သည် မိမိတာဝန်ကို ပိုမိုမြန်ဆန်ထိရောက်စွာ ထမ်းဆောင်နိုင်ရန်အလို့ငှာ ထိန်းချုပ်မှုကို ဖြတ်တောက်ပြီး အားသွန်းခွန်စိုက် လုပ်မိရာက စစ်အာဏာရှင်စနစ် ဖြစ်သွားခဲ့ရသည်။
တိုင်းရင်းသားလူမျိုးစုများကလည်း မိမိတို့၏ မွေးရာပါအခွင့်အရေးအတွက် အသက်ပေးခုခံကာကွယ်ကြသောအခါ ပြည်တွင်းစစ်မီးတဟုန်းဟုန်းတောက်လောင်လာရတော့သည်။ အရင်းစစ်သော်ပြဿနာ၏ အရင်းအမြစ်သည် ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးများအပေါ် ၎င်းတို့ရရှိခံစားထိုက်သော လူမျိုးတစ်မျိုး၏ အခြေအခံအခွင့်အရေးများ၊ တနည်းအားဖြင့် အမျိုးသားဆိုင်ရာတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို မပေးလို၍ ချုပ်ချယ်ထားသောကြောင့် ဖြစ်ကြောင်း တွေ့ရှိရပေမည်။
ဤအခြေခံအကြောင်းတရားများကို အမြော်အမြင်ရှိသော နိုင်ငံရေးခေါင်ဆောင်များ၊ ဗမာပြည်အရေးကို ကျွမ်းကျင်သူ နိုင်ငံခြားမှ နိုင်ငံရေးပညာရှင်များ၊ နိုင်ငံတစ်ချို့၏ ခေါင်းဆောင်များနှင့်ကုလသမဂ္ဂအဖွဲ့ကြီးတို့က တိုင်းရင်းသားလူမျိုးစုများအရေးကို အလေးထားဖြေရှင်းပေးရန်လိုကြောင်း ရှုမြင်တောင်းဆို လာကြသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို ရုပ်သိမ်းပြီး ဒီမိုကရေစီလုပ်ဟန်နှင့် လူ့အခွင့်အရေးများဖြင့်အစားထိုးထည့်ရုံနှင့်မပြီး တိုင်းရင်းသားလူမျိုးများ၏ တရားသော ခံစားခွင့်များကိုပါ ဖြည့်စွမ်းပေးရန် အခြေအနေက တောင်းဆိုနေပါသည်။ ထိုသို့သော အခြေအနေကြောင့် ဗမာလူမျိုးများအပါဝင်လူမျိုးပေါင်းစုံ ပြည်သူများ လိုလားတောင်းဆိုနေသော ဒီမိုကရေစီအခွင့်အရေးနှင့် ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးများ၏ လူမျိုးရေးဆိုင်ရာ အခွင့်အရေးများကိုပါ ဖြည့်ဆည်းပေးနိုင်ရန်မှန်ကန်သောနည်းလမ်းများ လိုအပ်နေပါသည်။
ဤ ပကတိအခြေအနေက တောင်းဆိုနေသော လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် စစ်အစိုးရ၏ကိုယ်စားလှယ်များ၊ (NLD) နှင့် ဒီမိုကရေစီအင်အားစုများ၏ ကိုယ်စားလှယ်များနှင့်တိုင်းရင်းသားအင်အားများစု၏ ကိုယ်စားလှယ်များပါဝင်သော ကိုယ်စားလှယ်သုံးဖွဲ့တို့သည် မှန်ကန်သောစေတနာ၊ တရားမျှတသောပုံစံဖြင့် လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြပါကပိတ်ဆို့နေသော ပြဿနာကြီးများကို ထွင်းဖောက်ဖြေရှင်းပေးနိုင်ပါလိမ့်မည်။
အင်အားစုသုံးခုစလုုံးသည် မိမိတို့နိုင်ငံနှင့် ပြည်သူလူထုကောင်းစားရေး၊ မိမိကိုယ်စားပြုသောလူ့အဖွဲ့အစည်းအကျိုးကို ကာကွယ်နိုင်ရေးတို့အတွက် မိမိတည်ရှိနေသောဘက်မှ မြင်တွေ့ရသည့်သဘောထားအမြင်အပေါ် ရပ်တည်ပြီး အကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။ အကျိုးရှိမည်ဟုမြင်ပါက တွေ့ဆုံညှိနှိုင်းဖြေရှင်းရေးကို ငြင်းပယ်လိုသော သဘောထားအမြင်လည်းမရှိပါ။ သို့သော်မိမိတို့ဘက်မှ ပိုမိုအားကောင်းသောအသာစီ အနေအထားရှိမှ မှန်ကန်စွာနှင့် လွယ်ကူစွာဖြေရှင်းနိုင်မည်ဟူသော အမြင်ရှိနေတတ်ပါသည်။ ထို့အကြောင့် ထိုအနေအထားမျိုးရရှိအောင် စီမံပြင်ဆင်စောင့်မျှော်နေကြသည်။ တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းသည် မိမိအမြင်၊ မိမိအခက်အခဲကို တဖက်လူနားလည်အောင် ရှင်းပြပြီး ဘက်အားလုံးလက်ခံနိုင်၊ ရပ်တည်နိုင်သော အနေအထားကို ရှာဖွေနေခြင်းဖြစ်ကြောင်း ယုံကြည်လက်ခံလာပါက ရှောင်ဖယ်အချိန်ဆွဲနေကြမည်မဟုတ်ပါ။ ဘက်အသီးသီးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးရာ၌ မိိမိတို့အမှားကိုမြင်လျှင် ဝန်ခံ၊ အားလုံးအတွက် အန္တရာယ်မရှိအောင် လွတ်ငြိမ်းချမ်းသာ ခွင့်ကြေငြာ၊ ဘာတွေဆက်လုပ်ရမည်ကို ညှိနှိုင်းချမှတ်ပြီး ကြားဖြတ်ကာလတွင် ပူးတွဲတာဝန်ယူခြင်းဖြင့် ပိတ်ဆို့နေသည့်အခက်အခဲကို ကျော်ဖြတ်သွားနိုင်ပါသည်။
၉။ ပကတိအနေအထားနှင့် ရှေ့အလားအလာ
ယခုအခါ ကမ္ဘာကြီးတွင် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကို အလေးပေးတည်ဆောက်နေကြသည်။ ကျွနိုပ်တို့ ပြည်သူအများစုကြီးကလည်း လိုလားတောင်းဆိုနေကြသည်။ ထို့အတူနိုင်ငံတကာရှိနိုင်ငံခေါင်းဆောင် အမျိုးသားခေါင်းဆောင်ကြီးများသည် ၎င်းတို့၏နိုင်ငံနှင့် လူ့အဖွဲ့အစည်းကိုအေးချမ်းသာယာလာအောင် ဖန်တီးပြီး ပညာရေးကိုမြှင့်တင်ကာ စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေကြသည်။ ဤသည်မှာ ခေတ်ကာလ၏ ကမ္ဘာ့ရေစီကြောင်း ဖြစ်သည်။ကျွနု်ပ်တို့သည် နိုင်ငံ့ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်များကို ဟန့်တားခြင်း၊ လျစ်လျူရှုခြင်း ပြုလုပ်နေ၍ မရပါ။ သမိုင်းတရားခံ သို့မဟုတ် လမ်းဘေးမြောင်းထဲ ကျသွားပါလိမ့်မည်။
ကျွနိုပ်တို့နိုင်ငံ၊ ကျွနိုပ်တို့လူ့အဖွဲ့အစည်းကို အများနှင့်ရင်ဘောင်တန်း လိုက်မီနိုင်အောင် ကြိုးပမ်းကြရမည်။ ထိုသို့ကြိုးပမ်းရာတွင် အသေးအဖွဲပြဿနာရပ်များဖြစ်သော လူမျိုးရေး၊ ဘာသာရေး၊ဘဝတူလူတစ်စုကောင်းစားရေး စသည်တို့ကြောင့် အချိန်ကုန်အင်အားဆုံးရှုံးမှု မဖြစ်ပေါ်စေရန်သတိထားရှောင်ကြဉ်ကြရန် လိုအပ်ပါလိမ့်မည်။ ယနေ့ကျွနိုပ်တို့နိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာအများစုသည် အထက်ဖော်ပြပါ လူမျိုးရေး၊ ဘာသာရေး၊ ဘဝတူ လူတစ်စု ကောင်းစားရေးဘောင်အတွင်းမှာပင် ရှိနေသည်ကို သတိပြုလျှင် မြင်ရပါလိမ့်မည်။
ကျွနိုပ်တို့နိုင်ငံတွင် လူမျိုးရေးအရ ပြဿနာဖြစ်ရှိနေပါသည်။ ပကတိအနေအထားအရ ဗမာလူမျိုးသည် အခြားတိုင်းရင်းသား လူမျိုးများထက် နှစ်ပေါင်း (၂၀၀) ကျော် အပေါ် စီးရရှေ့ရောက်နေသည်။ လက်ရှိတွင် လူဦးရေအရ၊ နယ်မြေအရ၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအရ၊ ပညာရေးစီးပွားရေးအရ၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ အသိပညာ အစစရာရာတွင် မယှဉ်သာအောင် အသာစီးတွင် ရှိသည်။ မည်သည့်လူမျိုးမျှ ဗမာလူမျိုးကို ယှဉ်နိုင်သော အလားအလာမရှိ။ လူမျိုးစုသုံးလေးငါးခုပေါင်းလျှင်လည်း ဗမာလူမျိုးကို ယှဉ်နိုင်သော အလားအလာမရှိ။ ယှဉ်လည်းမယှဉ်ကြပါ။ သူ့လူမျိုး ပျောက်ကွယ်မသွားအောင် ခံစစ်အနေအထားမှာ ရုန်းကန်နေကြခြင်းသာရှိသည်။ ဤသို့ဖြစ်နေပါကလျှက် အဘယ်ကြောင့် တိုင်းရင်းသား၏ လူမျိုးရေးဆိုင်ရာ အခွင့်အရေးကို ဟန့်တားနေရသနည်း။
ဘာသာရေးတွင်လည်း ဗုဒ္စဘာသာသည် ပြည်သူအများစုကြီးက ကိုးကွယ်သော ဘာသာဖြစ်သည်။မည်သည့် ဘာသာတစ်ခုခုက ဗုဒ္စဘာသာကိုယှဉ်ပြိုင်၍ ကျော်တက်သွားနိုင်သော အလားအလာမရှိပါ။ ပြိုင်လည်း မပြိုင်ကြပါ။ ၎င်းတို့ ယုံကြည်သောဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိရန်သာ တောင်းဆိုနေကြ ခြင်းဖြစ်သည်။ ထို့ကြောင့် ဗုဒ္စဘာသာကို ပိုအားပေးပြီးအခြားဘာသာကို နှိမ်ချဖို့ မလိုအပ်ပါ။
ဘဝတူ လူတစ်စုကောင်းစားရေးစိတ်ဓါတ်သည် သာမန်လူသားပီပီ အချို့လူစုတွင် ထားရှိတတ်ကြသည်။ တနည်းအားဖြင့် ခေတ်အဆက်ဆက်က မြင်တွေ့ခဲ့ဖူးသော လူတန်းစားအမြင်မျိုးဖြစ်သည်။သို့သော် အားပေးမွေးမြူထားပါက တုံ့ပြန်ဆန့်ကျင်မှုပြင်းထန်လာပြီး အကျိုးဆုတ်ယုတ်မှုများနှင့်ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် ရှိခဲ့လျှင် အရှည်ကို ကြည့်ပြီး ပယ်ဖျောက်ရလိမ့်မည်။
လူ့လောကအဖွဲ့အစည်းတွင် မိမိနှင့်မယှဉ်ပြိုင်နိုင်သော သူများကို အနိုင်ယူ၍ ဖိနှိပ်ခြင်းမပြုဘဲစည်းရုံးတွဲခေါ် ကူညီခြင်းဖြင့် မိမိသည်ခေါင်းဆောင်နေရာကို အလိုလိုရောက်ရှိသွားမည် ဖြစ်သည်။
ခေါင်းဆောင်အဆင့် ရောက်ရှိနေသူများ၊ အဖွဲ့အစည်းများသည် ခေါင်းဆောင်၏တာဝန်ဝတ္တရားနှင့်ခေါင်းဆောင်၏လုပ်ငန်းကို ပီပြင်အောင် ထမ်းဆောင်နေရန်သာ ဖြစ်သည်။ ထိုသို့သဘောထား ပြည့်ဝနေပါက နောက်လိုက်ငယ်သာများသည် ခေါင်းဆောင်ကို ဆန့်ကျင်နေတော့မည်မဟုတ်တော့ဘဲနောက်လိုက်တို့၏အဘောထားကို မွေးမြူပြီး နောက်လိုက်တို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သွားပါလိမ့်မည်။
လူ့လောကတွင်ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကိုသနားခြင်းဖြင့် စုစည်းညီညွတ်မှုကိုတည်ဆောက်ကြမြဲ ဖြစ်သည်။ တစ်ဖက်တွင် လူတန်းစား ကွာဟမှုကို ကျဉ်းမြောင်းစေခြင်းဖြင့်ပြဿနာအဖုံဖုံမပေါ်အောင် ထိန်းသိမ်းကြရသည်။ နိုင်ငံရေးသည် လူမှုရေးပင်ဖြစ်သောကြောင့်ဤသို့သဘောထားနိုင်လျှင် ဖြစ်ပေါ်နေသော အခက်အခဲပေါင်းစုံကို မကြာမီ ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပါကြောင်း သဘောထားအမြင် တင်ပြခြင်းကို နိဂုံးချုပ်အပ်ပါသည်။
နိုင်ဟံသာ
ဝန်ခံချက်။ ။စာရေးသူ၏ စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး” စာအုပ်မှ ဤဆောင်းပါးကိုပြန်လည်ဖေါ်ပြပါသည်။(အယ်ဒီတာ)