တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားရာ သံဖြူဇရပ်-ရေးကားလမ်းဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ မသွားမလာရဲဖြစ်နေပြီး လူနေအိမ်ခြေထောင်ချီရှိ၍ လူဦးရေသိပ်သည်းလျက်ရှိသော ထင်းရှူးနှင့် အနင်းကျေးရွာထဲသို့ ယမန်နေ့က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွား၍ လက်နက်ကြီးကျကာ ရွာပျက်မည်ကို မွန်ဒေသခံများစိုးရိမ်နေရကြောင်း သတင်းရရှိသည်။
“ကျနော်တို့ဟာ မွန်ရွာတွေဖြစ်တယ် ဘယ်အဖွဲ့နဲ့မှ ပြဿနာတွေမရှိဘူး၊ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ မပေးလာစေချင်ဘူး၊ အခုအနေအထားမှာ လာဖို့အကြောင်းလည်း မရှိပါဘူး၊ တော်လှန်ရေးတပ်ဖွဲ့တွေက ကားလမ်းမဘက်မှာ အမြဲရှိနေတယ်၊ အဲဒီမှာ လူနေအိမ်တွေသိပ်မရှိဘူး၊ အဲဒီမှာလွတ်လွတ်လပ်လပ် သွားပြီး တိုက်ပွဲဆင်လို့ရပါတယ် ဒါပေမယ့် စစ်တပ်က မသွားချင်ဘူး မသွားရဲဘူး၊ ရွာမှာဘဲ ဖြတ်သွားဖြတ်လာ လုပ်နေတယ်၊ ပေကပ်ကပ်လုပ်နေကြတယ်၊ သူတို့ကျနော်တို့ရွာမှာလာခိုလို့ တောကအဖွဲ့ကို ရွာဘက်လာပြီး တိုက်ပွဲဆင်ရင် ကျနော်တို့ရွာပျက်ဖို့ဘဲ ရှိတော့တယ်၊ ဒါကြောင့် ကားလမ်းဘက် စစ်ကြောင်းသွားထိုးပါလို့ ပြောချင်တယ်၊ ရွာသားတွေကတော့ ကင်းကင်းရှင်းရှင်း နေပါရစေ” ဟု အနင်းရွာသား ဆယ်အိမ်မှူးတစ်ဦးက ပြောသည်။






ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက် မနက် ၆ နာရီမှ မွန်းတည့်ချိန်အထိတိုင် ထင်းရှူးကျေးရွာနှင့် အနင်းကျေးရွာများရှိ ရဲကင်းစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အင်အားအလုံးအရင်းနှင့် ရွတ်ရွတ်ချွံချွံဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဝဲကလိတပ်နယ်နှင့် မော့ကနင်အမတတို့မှ လက်နက်ကြီးဖြင့် တရစပ်ရမ်းသန်းဖြစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်သုံးရဟတ်ယာဥ်ဖြင့် ပစ်ခတ်သော်လည်း တဖက်နှင့်တဖက် ထိခိုက်သေဆုံးမှု သတင်းမကြားသိရပေ။
သို့ရာတွင် စစ်သားများထိခိုက်သေဆုံးသတင်းမကြားရသော်လည်း ထိုတိုက်ပွဲများအတွင်း အနင်းကျေးရွာမှ ဒေသခံအရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ် (၅) လုံးထက်မနည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ယင်းကျေးရွာများဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းထိုးလာပြီးနောက် တပ်ဖြန့်ကျက်ချထားသည့်အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ထင်းရှူးရွာဘက်ကနေ ကရင်ရွာဖြစ်တဲ့ကျောင်းရွာဘက်၊ အနင်းဘက်နဲ့ ရွာသစ်ဘက်တွေကို ဆင်းသွားတယ်။ ပြီးတော့ တပ်တွေဖြန့်ထားတယ်လို့ သိရတယ်၊ ကားလမ်းဘက်မသွားရဲဘူး၊ ရွာထဲမှာပဲ ပတ်ပြီးအင်အားပြ လှုပ်ရှားနေတယ်၊ လူနေအိမ်တွေမရှိတဲ့ ကားလမ်းဘက်သွားရင် သေနတ်သံမြည်ကိုမြည်ရမယ်၊ တကယ်မှာတော့ စစ်တပ်က မသွားရဲဘူး ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
စစ်ကြောင်းထိုးလာပြီးနောက် ရွာမှာတပ်ဖြန့်ကျက်ချထားသည့်အတွက် တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြရကြောင်း အနင်းဒေသခံတစ်ဦးက ပြောကြားသည်။
“အနင်းရွာပတ်ဝန်းကျင်မှာ တပ်တွေဖြန့်ထားတယ်။ စစ်ကြောင်းဝင်လာတော့ တိုက်ပွဲတွေထပ်ဖြစ်မှာကို စိုးရိမ်နေကြရတယ်။ ရွာကလူတွေက ပြေးတဲ့သူတွေလည်းပြေးကုန်ပြီး။ အများစုကတော့ အိမ်တွေမှာဘဲ ရှိနေကြတုန်းဘဲ။ အခြေအနေတွေ စောင့်ကြည့်နေကြတယ်” ဟု ၎င်းဒေသခံ ကဆက်လက်ပြောကြားသည်။
မွန်ကျေးရွာများဖြစ်သော သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာ နှင့် အနင်းကျေးရွာရှိ ရဲကင်းစခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၇)၊ ရေးဘီလူးအဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ကရင်မှ ပဒဲကောအဖွဲ့တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။