မြဝတီ ဇန်နဝါရီ (၂၅)
စစ်ကောင်စီမှ ပေးအပ်သည့် ရာထူးအား က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကငြင်းဆိုထားပြီး၊ စစ်တပ်ခိုင်းတာလုပ်မည်မဟုတ်တော့ကြောင်း BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင် က ဒေသတွင်း Karen Information Center – KIC အားပြောကြားထားချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃) ရက်က စစ်ကောင်စီ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူကြီး စိုးဝင်းနှင့် BGF တပ်မှ တာဝန်ရှိသူများ ကရင်ပြည်နယ် ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ မည်သည့် သဘောတူညီမှုမှ မရခဲ့ကြောင်း ဗိုလ်ချုပ်စောထွန်းလှိုင် ကပြောဆိုသည်။
“BGF တပ်အနေနဲ့က ငြိမ်းချမ်းရေးတပ်ပုံစံမျိုးလောက်ဘဲ နေသွားတော့မယ်။ သူတို့ (စစ်ကောင်စီတပ်) လစာမစားတော့ဘူး။ သူတို့ခိုင်းတာလည်း လုပ်စရာမလိုတော့ဘူးပေါ့” ဟု ဗိုလ်ချုပ်စောထွန်းလှိုင်က ဆိုသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေဖြင့် စစ်ကောင်စီတပ်လက်အောက်တွင် ရှိနေစဉ်ကာလက ကရင့်လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး၊ ဒေသခံပြည်သူများအနေဖြင့်လည်း မည်သည့်အဖွဲ့အစည်းကို အားကိုးရမည်မသိဖြစ်နေသည့် အခြေအနေမျိုးကိုလည်း ထပ်မဖြစ်စေလိုတော့ကြောင်း၊ ထို့ကြောင့် ယခုလို သီးခြားရပ်တည်သွးရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်စောထွန်းလှိုင်က ပြောကြားထားသည်။
၎င်းကဆက်လက်ပြီး “ကျနော်တို့ကတော့ ကိုယ်နယ်မြေဒေသကိုဘဲ ကာကွယ်သွားတော့မယ်လို့ တွေ့ဆုံပွဲမှာ ပြောခဲ့တယ်။ သူတို့ (စစ်ကောင်စီတပ်) နဲ့ပူးပေါင်းလုပ်ဆောင်လာတာလည်း နှစ်ပေါင်း (၃၀) လောက်ရှိနေပြီးဆိုတော့ အချင်းချင်းကြားမှာလည်း မတိုက်ခိုက်ချင်တော့ဘူး” ဟု ပြောကြားသည်။
ယမန်နေ့က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ အား စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်ရာထူး တိုးပေးကာ ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) အဖြစ်ခန့်အပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး၊ ယင်းရာထူးအား BGF က ငြင်းဆိုထားကြောင်းလည်း ဗိုလ်ချုပ်စောထွန်းလှိုင် က ဆိုသည်။
“BGF စတင်တည်ထောင်တုန်းက ကျနော်တို့ တောင်းဆိုတာရှိပါတယ်။ စစ်တပ်ဆိုတာ ကိုယ်တပ်မှူး တပ်သားတွေကို စီမံကွပ်ကဲနိုင်ဖို့၊ ရာထူး၊ ရာခံလိုတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သူတို့က ဘာမှမပေးဘူး။ အခုမှ လာပေးမယ်ဆိုတော့ ယူစရာလည်း မလိုအပ်တော့ပါဘူး” ဟု ဗိုလ်ချုပ်စောထွန်းလှိုင် က ဆက်လက်ပြောကြားသည်။
ထို့အပြင် စစ်ကောင်စီတပ် နှင့် မပူးပေါင်းတော့ခြင်းသည် လက်အောက်ခံတပ်သားများ၏ ဆန္ဒသဘောထားဖြစ်သည့်အတွက် ၎င်းတို့၏ ဆန္ဒအတိုင်း စစ်ကောင်စီတပ် နှင့် ပူးပေါင်းမှုမလုပ်တော့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက CNi သတင်းဌာနသို့ ပြောကြားထားချက်အရ သိရသည်။
စစ်ကောင်စီတပ် နှင့် လမ်းခွဲရန် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၃) ရက်က ပြုလုပ်ခဲ့သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်များအစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စောချစ်သူက ဆိုသည်။
မြန်မာ – ထိုင်း နယ်စပ် မြဝတီမြို့အနီးရှိ တရားမဝင်လုပ်ငန်း၊ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လူမှောင်ခိုကူးများနှင့် ပတ်သက်ပြီး နှိမ်နင်းမည်ဟု စစ်ကောင်စီ မှ ကြေညာခဲ့ပြီးနောက် BGF အနေဖြင့် စစ်ကောင်စီတပ် နှင့် လမ်းခွဲမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။