ရေး စက်တင်ဘာ (၁၂)
မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
လွန်ခဲ့သည့် စက်တင်ဘာလ (၇) ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းလာမှုကြောင့် ဟံဂံကျေးရွာအတွင်းသို့ ရေများစတင်ဝင်ရောက်လာကြောင်း နှင့် လက်ရှိ ဟံဂံကျေးရွာ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်ကြသည့် ရပ်ကွက် ၂/၃/၇/၈ အပိုင်းများတွင် ရေဝင်ရောက်မှုရှိနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက”ရွာလယ်လမ်းပေါ်မှာ ရေ (၂) ပေလောက်ရှိနေတယ်။ အခုက တောင်ကျရေဘဲ ရှိသေးတာ။ မိုးကဆက်ရွာနေပြီး ပင်လယ်ရေထရက်နဲ့ ဆုံရင် ရေပိုကြီးနိုင်တယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်ကတစ်ကြိမ်၊ ဇူလိုင်လ (၂၉) ရက်က တစ်ကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်မှ တတိယအကြိမ်မြောက် ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပသ်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည့်အတွက် လာမည့် (၂) ရက်အတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။