မော်လမြိုင်၊ ဩဂုတ် ၁၁
သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအနီး ရေး-သံဖြူဇရပ် ကားလမ်းမကြီးပေါ်တွင် ဩဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်အချိန်က (၆)ဘီး မြေသယ်ယာဉ် (၃) စီးပေါ်မှ တရားမဝင် ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ရေးမြို့နယ်ဘက်မှ သံဖြူဇရပ်မြို့နယ်ဘက်သို့ မောင်းနှင်လာသည့် (၆)ဘီးယာဥ် ၃ စီးကို ရပ်တန့် စစ်ဆေးရာမှ ကားပေါ်တွင် လိုက်ပါလာသည့် တရားမဝင် ဘင်္ဂါလီ ၁၄၅ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာစစ်တပ်လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“(၆) ဘီးကား သုံးစီးလုံးပေါ်မှာ ခွဲပြီး တင်လာတာ။ အကုန်လုံးကို စစ်ဆေးပြီးတာနဲ့ အရေးယူဖို့ လုပ်မှာပါ”ဟု ၎င်းက ပြောသည်။
(၆)ဘီးယာဉ် သုံးစီးပေါ်တွင် တရားမဝင် ဘင်္ဂါလီ အမျိုးသား ၁၂၇ ဦး နှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၁၄၅ ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းက စက်လှေနဲ့ ထွက်လာတာလို့ စစ်ဆေးပေါ်ပေါက်ထားတယ်။ သံဖြူဇရပ်မြို့နယ် သပြေချောင်းဝမှာ လှေကပ်ပြီးတော့ တစ်ပါကား (မြေသယ်ယာဉ်) တွေနဲ့ ခေါ်ဆောင်လာချိန်မှာ ဖမ်းဆီးရမိခဲ့တယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထိုဖြစ်စဉ်နှင့် ဆက်စပ်ပြီး မြေသယ်ယာဉ်ပိုင်ရှင်ဖြစ်သည့် လုပ်ငန်းရှင်များကိုလည်း စစ်ဆေးဖေါ်ထုတ်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသူများကို စစ်ဆေးခြင်းများ ဆောင်ရွက်နေပြီး ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၇၂ ယောက် လိုက်ပါလာသည့် စက်လှေတစ်စီးကို ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင် ဖမ်းမိကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။