မော်လမြိုင်၊ ဩဂုတ် ၂
မွန်ပြည်နယ်တွင် သုံးနှစ်အတွင်း ဆန်ဈေးနှုန်း အမြင့်ဆုံး မြင့်တက်လာခဲ့ကြောင်း မွန်ပြည်နယ်၊ ကုန်စည်ဒိုင်၏ ဈေးနှုန်း နှိုင်းယှဉ်ဖော်ပြချက် စာရင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ရွှေဘိုပေါ်ဆန်းမွှေး ဆန်၂၄ ပြည်အိတ် တစ်အိတ် ၄၅,၀၀၀ ကျပ် မှ ၅၆,၄၀၀ကျပ် ဈေးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၆၂,၅၀၀ ကျပ် မှ ၇၄,၅၀၀ကျပ် ဈေးရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယခုနှစ် ဩဂုတ် ၁ရက်တွင် ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်အိတ် တစ်အိတ်ကို ၁၀၀,၅၀၀ ကျပ် မှ ၁၃၂,၀၀၀ ကျပ်ထိ မြင့်တက်လာခဲ့သည်။
မော်လမြိုင်၊ သီရီမြိုင်ရပ်ကွက်မှ အိမ်ရှင်မတစ်ဦးက “အရင်ကဆို ပိုက်ဆံတစ်သောင်းက ဆန်၊ ဆီ၊ ဟင်းစား ဝယ်ရတယ်။ အခုက ဆန်တစ်ပြည်ပဲ ၅၀၀၀ လောက်သွားနေပြီ။ ဆန်နဲ့ဆီဝယ်ပြီးရင် အသားဟင်းထပ်ဝယ်ဖို့က မသေချာတော့ဘူး”ဟု ပြောသည်။
လက်ရှိတွင် အသစ်ထုတ်လုပ်လိုက်သည့် နှစ်သောင်းတန် ငွေကြေးဂယက်ကြောင့်အခြေခံစားသောက်ကုန်ဈေးများ ဈေးထပ်တက်လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် တစ်နေ့လုပ်တစ်နေ့စား အိမ်ထောင်စုများအတွက် ဆန်ဈေးနှုန်းအပါအဝင် အခြေခံစားသောက်ကုန်ဈေးများ မြင့်တက်နေခြင်းကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်လာကြောင်း သိရသည်။
မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်မှ အရောင်းဆိုင်ရှင်တစ်ဦးက”အရင်နှစ်တွေနဲ့ မတူတာက ဈေးက ပြန်မကျတာ။ ဒီနှစ်က ဧပြီလထဲက တစ်ရိပ်ရိပ်တက်လာတာ အခုထိ တက်နေတုန်းပဲ”ဟု ၎င်းက ပြောသည်။
အလားတူ ၂၀၂၁ခုနှစ်တွင် ဧည့်မထ ဆန် ၂၄ ပြည်အိတ် တစ်အိတ်ကို ၂၁,၅၀၀ ကျပ် မှ ၂၉,၆၀၀ ကျပ် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၆,၀၀၀ ကျပ် မှ ၄၅,၀၀၀ကျပ် မြင့်တက်လာခဲ့ကာ ၂၀၂၃ခုနှစ် ဩဂုတ် ၁ ရက်၌ ဧည့်မထ ဆန်၂၄ ပြည်အိတ် တစ်အိတ်ကို ၇၆,၅၀၀ ကျပ် မှ ၈၂,၆၀၀ ကျပ်အထိ ဈေးမြင့်တက်လာခဲ့သည်။
သို့ရာတွင် ဆန်စျေးနှုန်းများ မြင့်တက်လာသည်ဆိုသော်လည်း တောင်သူလယ်သမားများထံမှဝယ်ယူနေသည် စပါးစျေးနှုန်း အလွန်ကျဆင်းနေသဖြင့် လယ်သမားများ နှစ်စဥ်အရှုံးပေါ်နေကြောင်း သိရသည်။