ကျိုက်ထို ဇူလိုင်လ (၂၆)
ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက် မွန်းလွဲပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်ရှိ ဒေသအခေါ် လေးဖာတောတံတား အား ဇူလိုင်လ (၂၅) ရက်က ပြန်လည်ပြုပြင်ပြီးစီးသွားပြီးနောက် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း နှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ လေးဖာတောတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်း တံတားအား ကျိုက်ထိုခရိုင်လမ်းဦးစီးဌာန နှင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့မှ ပြန်လည်ပြင်ဆင်ခဲ့သည့်ဟု သိရကြောင်း နှင့် ယမန်နေ့ (ဇူလိုင်လ (၂၅) ရက်) မှ စတင်ကာ မော်တော်ယာဉ်များပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “တံတားပြုပြင်နေတဲ့အချိန်မှာ ဒေသခံတွေနဲ့ ဘုရားဖူးတွေကို တောင်တက်မော်တော်ယာဉ်တွေနဲ့ဟိုဖက်၊ ဒီဖက် ကဲ့ပေးပြီး သွားလာကြပါတယ်။ ဘုရားဖူးက သိပ်မရှိပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာနေထိုင်ကြတဲ့ ဒေသခံတွေ၊ တောင်ခြေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသား/သူတွေ ဈေးသမားတွေကို အဓိက ပို့ဆောင်ပေးနေရပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် ဝါဆိုလပြည့်နီးလာပြီးဖြစ်သည့်အတွက် ကျိုက်ထီးရိုးဒေသရှိ ဘုန်းကြီးကျောင်းများတွင် ဝါဆိုမည့် ရဟန်း၊ သံဃာတော်များအား အလှူရှင်များမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းများပြုလုပ်ကြလေ့ရှိသည့်အတွက် အလှူရှင်ဘုရားဖူးများ သွားလာကြလေ့ရှိကြောင်း တောင်တက်မော်တော်ယာဉ်အသင်းထံမှ သိရသည်။
“တံတားပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်နေတဲ့အချိန်မှာ တချို့လည်း တောင်ပေါ်ကို ခြေလျင်သွားလာကြသလို၊ ပစ္စည်းတွေကိုလည်း ကျောပိုးပြီး သွားလာကြရတာမျိုးတွေရှိခဲ့ပါတယ်။ အခုတော့ လမ်းပြန်ပွင့်သွားတော့ ပြန်အဆင်ပြေသွားတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့သွားရာ ကျိုက်ထီးရိုးတောင်တက်ကားလမ်းရှိ ဒေသအခေါ် လေးဖာတံတား မှာ ဇူလိုင်လ (၆) ရက် မွန်းလွဲ (၃) နာရီအချိန်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း၊ မိုင်းခွဲဖျက်ဆီးခံရသည့် လေးဖာတောတံတား တံတားမှာ အလျား ပေ (၃၀)၊ အနံ (၂၀) ပေခန့် ၊ တံတားခံနိုင်ဝန်အားမှာ (၄၅) တန်ရှိသည့် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း နှင့် မိုင်းပေါက်ကွဲမှုကြောင့် တံတားအလယ်တွင် (၆) ပေခန့်ရှိသည့် အပေါက်ကြီးဖြစ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ တံတားအား (၁၉၉၃) ခုနှစ်က ဆံတော်ရှင်ကျိုက်ထိးရိုးစေတီတော်မြတ်ကြီး၏ ဘက်စုံတည်ဆောက်ရေး ရံပုံငွေဖြင့် ကျိုက်ထိုမြို့နယ် လမ်းတံတားဦးစီးဌာနက သံဘောင်ဘေလီတံတားအဖြစ်တည်ဆောက်ခဲ့ပြီး၊ (၂၀၁၀) ပြည့်နှစ်တွင် ရိုးရိုးလေးကုမ္ပဏီလီမိတက်မှ သံလွန်ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
See insights and ads
Like
Comment
Share