ကောင်းဝါ-၂၀၂၃ ဇူလိုင် (၇)
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ငွေတိုးရာခိုင်နှုန်းဖြင့် ထုတ်ပေးနေသော Invescog Management Co., Ltd သည် ငွေကျပ်သိန်းသောင်းချီ လိမ်လည်ကာ ယခုရက်ပိုင်းအတွင်း ထွက်ပြေးသွားကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။
ယင်းကဲ့သို့ ငွေကျပ်သိန်းပေါင်းသောင်းချီ၍ လိမ်လည်ထွက်ပြေးမှုတွင် ငွေကြေးထည့်ဝင်သူပေါင်း ထောင်ချီရှိနိုင်သည်ဟု လိမ်လည်ခံရသူတဦးက ပြောသည်။
“သူက Forex Trading နာမည်ခံပြီးလုပ်တာပေါ့၊ ရွာက လူတွေလည်းပါမယ် ထင်တာပဲ၊ သူက ရာခိုင်နှုန်းနဲ့ အတိုး ထုတ်ပေးတာပေါ့။ အစပိုင်းတော့ မှန်မှန် ထုတ်ပေးတယ်။ ခုတော့မှ အချီကြီး လိမ်ပြေးတာပေါ့”
အဆိုပါ Invescog Management Co., Ltd ၏ Facebook စာမျက်နှာ ပိတ်ထားသော်လည်း ၄င်းတို့၏ Blog စာမျက်နှာတွင် ဇွန်လ ၂၂ ရက်အထိ နောက်ဆုံးသတင်းများကို တွေ့ရှိရသည်။
Invescog Management Group သည် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု၊ ကော်ပိုရိတ်အခွန်အစီအစဥ်နှင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်သုတေသနများအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုများစွာကို ပေးအပ်ရန် ရည်ရွယ်ထားသော ထိပ်တန်းဘဏ္ဍာရေးစီမံခန့်ခွဲမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရေရှည်တည်တံ့သော ကြွယ်ဝမှုဖန်တီးမှုတွင် ခိုင်မာသောကတိကဝတ်ဖြင့်၊ ကျွန်ုပ်တို့သည် ကော်ပိုရေးရှင်းများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များပါ၀င်သော မတူကွဲပြားသော ဖောက်သည်အခြေခံကို ဖြည့်ဆည်းပေးပါသည်ဟု ၄င်းတို့၏ Blog စာမျက်နှာတွင် အဂႅလိပ်ဘာသာဖြင့် ဖော်ပြထားသည်။
