ကောင်းဝါ၊ ၂၀၂၃ ဇူလိုင် (၇)
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် – မော်လမြိုင် အမှတ် (၈) အဝေးပြေးကားလမ်းမကြီး သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား ယာယီဘေလီတံတားပြုလုပ်ရန် ပြင်ဆင်နေသည့် လုပ်ငန်းခွင်အတွင်းသို့ ယနေ့ (ဇူလိုင် ၇) နံနက်ပိုင်းက Drop Bomb ချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
ယနေ့ နံနက် (၆) နာရီခွဲအချိန်ခန့်တွင် ကျုံအိတ်တံတား ယာယီဘေလီတံတား တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းသို့ Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ထိခိုက်ဒဏ်ရာရသွားသူက လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ပါ။ သူ့ကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးကုသမှုပေးထားတယ်လို့ သိရတယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အဆိုပါ ကျုံအိတ်တံတား၏ ပျက်ဆီးနေသည့်အပိုင်းအား ယာယီဘေလီတံတားထိုးရန် ပစ္စည်းများ ယမန်နေ့က ရောက်ရှိနေပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေကြောင့် လုပ်ငန်းများ စတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတား အား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ (၂၉) ရက် နံနက် (၆) နာရီဝန်းကျင်အချိန်ခန့်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူး တစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။