ကောင်းဝါ- ၅ ဇူလိုင် ၂၀၂၃။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်အနီး ဆဒုံး-ကန်ပိုက်တီလမ်းပေါ်၌ မြန်မာစစ်တပ်နဲ့ KIA တပ်ဖွဲ့တို့အကြား ၁၀ ရက်ခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပေါ်လျက်ရှိပြီး ယမန်နေ့ (ဇူလိုင် ၄ ရက်) တွင် လဂတ်ကောင်တပ်စခန်းမှ KIA တပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရကြောင်း ကချင်သတင်းအရင်းအမြစ်များမှတဆင့် သိရသည်။
မြန်မာစစ်တပ်နှင့် လက်အောက်ခံ လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်း ခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အပြင် မြန်မာစစ်တပ်၏ လေကြောင်းကလည်း ဗုံးကျဲတိုက်ခိုက်လာသဖြင့် နောက်ဆုတ်ပေးခဲ့ကြောင်း KIA စစ်သတင်းအရင်းအမြစ်များက ပြောသည်။
“တိုက်ပွဲက ၁၀ ရက်နီးပါးရှိလာပြီ၊ စစ်တပ်ဘက်က အထိနာလို့ လေကြောင်းနဲ့ လာပစ်ကူတယ်။ ဒါ့အပြင် မြေပြင်မှာလည်း စစ်ကြောင်းထပ် ထိုးလာတယ်၊ ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ အင်အားအလုံးအရင်း ဝင်လာတယ်” ဟု KIA သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။
ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းတွင် ဇွန်လ ၂၇ ရက်နေ့က တရုတ် ကောင်စီဝန်ရုံးယာဉ်တန်း လက်နက်ငယ် (၅) ချက်ခန့် ပစ်ခတ်ခံရသည့်ဖြစ်စဥ်အပြီး တိုက်ပွဲအရှိန် သိသိသာသာပိုမိုမြင့်မားလာသည်ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က ဆဒုံး-ကန်ပိုက်တီသွားလမ်းမကြီးပေါ် ခရီးသွားနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ထားသလို KIO လိုင်ဇာခရိုင်အုပ်ချုပ်ရေးရုံးကလည်း ဗန်းမော်-မြစ်ကြီးနား ကားလမ်းတစ်လျှောက် ပြည်သူများသွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် ယမန်နေ့ (ဇူလိုင်လ ၄ ရက်) တွင် အသိပေးချက်တစ်စောင် ထုတ်ပြန်ထားသည်။