ကောင်းဝါ- ၂ ဇူလိုင် ၂၀၂၃။
မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်မှာ ဇူလိုင်လ (၁) ရက် ညနေ (၄) နာရီအချိန်ခန့်က ပစ်ခတ်ခံရပြီး ဂိတ်အတွင်းရှိစစ်ဗိုလ်တစ်ဦး နှင့် ရဲတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
အဆိုပါ အဘစ်ကျေးရွာနှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ် – တံခွန်တိုင်ကျေးရွာကြားကားလမ်းပေါ်တွင် တည်ရှိသည့် လုံခြုံရေးဂိတ် အပစ်ခံရစဉ် သေဆုံးခဲ့သည့် စစ်ဗိုလ်မှာ အမတ (၃၁၈) အဘစ်အမြောက်တပ်က ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်မှာ ကမာဝက်နယ်မြေ ရဲစခန်း ကဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“စနိုက်ဘာနဲ့ပစ်ခံထိတာလို့ကြားတယ်၊ အဲ့ဒီအပြင်ကို ဒရုန်းနဲ့ ဗုံး (၃) လုံး ကျဲသွားခဲ့သေးတယ်လို့ဘသိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သို့ရာတွင် ယင်းဖြစ်စဥ်အသေးစိတ်ကို ကောင်းဝါမှ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဘစ်ကျေးရွာနှင့် ၁၀ မိုင်ခန့်သာဝေးကွာသော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တခွန်တိုင်ကျေးရွာအုပ်စုအတွင်း လတ်တလော စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။
၎င်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ ခလယ်တံခွန်တိုင်ကျေးရွာအတွင်းသို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ နေအိမ် (၅) လုံးပျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။