ကောင်းဝါ ဇွန် ၂၅၊ ၂၀၂၃။
ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာ ရဲစခန်း၌ ခေတ္တလာရောက်အခြေစိုက်ထားသော မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းကို ယနေ့နံက် ၁၁ နာရီ ခွဲခန့်တွင် KNU/PDF တပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ရာ တိုက်ပွဲဖြစ်စဥ် ၄ နာရီခန့် အချိန်ကြာမြင့်ခဲ့ကြောင်း၊ အနီးအနားရှိ မြန်မာစစ်တပ်အမြောက်တပ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည့်အပြင် စစ်ရဟတ်ယာဥ်တစ်စီးလည်း စစ်ကူလာရောက်ပစ်ခတ်ပေးခဲ့ရကြောင်း၊ ညနေ ၄ နာရီမထိုးခင်မှာ တိုက်ပွဲများပြီးဆုံးသော်လည်း နှစ်ဖက်စစ်သားများနှင့် ရွာသားများ ထိခိုက်ဒဏ်ရာသေဆုံးမှုများကို လတ်တလောတွင် အတည်နိုင်ခြင်းမရှိကြောင်း သိရသည်။
လတ်တလောအတွင်း ယနေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ရဲစခန်းနှင့်အနီးနေရာတဝိုက်သို့ “မည်သူမျှဖြတ်သန်းခြင်းမပြုရ” တားမြစ်နေရာအဖြစ် သတ်မှတ်ထားကြောင်း၊ ရွာသားအာလုံးရွာအထဲမှာသာနေကြ၍ ရွာအပြင်ထွက်မသွားကြရန်နှင့် ရေးမြို့နယ်တွင် တည်ဆဲဖြစ်သည့် ညမထွက်ရအမိန့်ကို ရွာသားအားလုံး အပြည့်အဝလိုက်နာသွားကြရန်လိုအပ်ကြောင်း သက်ဆိုင်ရာမှ အသိပေးနှိုးဆော်ထားသည်။
ယနေ့နေ့လည်ပိုင်းက နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အမတ ၃၁၇ ဝယ်ဖယ်အခြေစိုက် အမြောက်တပ်ရင်းမှ ပစ်ခတ်လာသော လက်နက်ကြီးတစ်လုံး နေအိမ်တစ်အိမ်ထိမှန်သဖြင့် အိမ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး မိန်းခလေးတစ်ဦးသေဆုံးခဲ့ကြောင်း လူနာယာဥ်ပို့ဆောင်နေသော နှစ်ကရင်ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။
၄င်းက “လေယာဥ်မလာခင် အမြောက်တပ်က လက်နက်ကြီးကျလာတယ် အဲဒီအိမ်က အသက် ၁၆ နှစ်သမီး ပွဲချင်းပြီးသေတယ်၊ သားယောကျ်ား ဒဏ်ရာပြင်းထန်၊ အဖေက ဒူးခေါင်းရိုးကျိုး၊ အမေလည်းဒဏ်ရာရ၊ ကျန်တဲ့နေရာတွေ တိုက်ပွဲဖြစ်တဲ့နေရာ လေယာဥ်ဗုံးထိတဲ့နေရာ ပစ်ခတ်တဲ့နေရာမှာ လူတွေထိခိုက်သေဆုံးတာ အများကြီးရှိနိုင်သေးတယ် လောလောဆယ် သတင်းမရသေးဘူး” ဟု ပြောသည်။
ထိုသို့တိုက်ပွဲဖြစ်ပွားနေစဥ် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က မော်လမြို့မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ရဟတ်ယာဥ်တစ်စင်းရောက်ရှိလာပြီး ရွာပတ်လည်အနီးတဝိုက် ၆ ပတ်ဝဲပျံကာ မသကႅာသည့်နေရာများကို ဗုံးကြဲသည့်အပြင် စက်သေနတ်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာသေဆုံးမှုများရှိနိုင်သည်ဟု ဆယ်အိမ်မှူးတစ်ယောက်က ပြောသည်။
၄င်းက“ဟိုအဖွဲ့တွေထွက်ပြီးမှ လေယာဥ်ရောက်လာတာလား၊ လေယာဥ်ရောက်ပြီးလိုက်ပစ်ခတ်တော့မှ ဟိုအဖွဲ့ပြန်ထွက်သွားတာလား မသိလိုက်ဘူး၊ ပုန်းနေရတယ်လေ၊ လေယာဥ်ရောက်လာတော့ ဗုံးကြဲတယ် စက်သေနတ်နဲ့မွှေ့ပစ်တာရှိတယ် ဘယ်မှာဘယ်သူတွေထိလို့ ဘယ်လိုဖြစ်နေတာကိုတော့ ဘယ်သူမှအပြင်မထွက်ရဲသေးလို့ ဘယ်လိုမှအတည်မပြုနိုင်သေးဘူး” ဟု ဆိုသည်။
လက်ရှိနှစ်ကရင်ကျေးရွာတွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ BGF၊ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့နှင့်ပြည်သူ့စစ်များပါဝင်သည့် မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းက ရွာ၏ဝင်ထွက်ပေါက်နေရာအားလုံးကို ပိတ်ဆို့နေရာယူထားကြောင်း သိရသည်။