ကောင်းဝါ ဇွန် ၂၁၊ ၂၀၂၃။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် NLD ပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်၏နေအိမ် မှာ ဇွန်လ (၂၀) ရက် မွန်းလွဲပိုင်းအချိန်က ချိပ်ပိတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။
ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် (၃) ဗညားနွဲ့လမ်းရှိ ဒေါ်ခင်မျိုးမြင့် ၏ နေအိမ်အား ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ နှင့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဒေါ်ခင်မျိုးမြင့် ပိုင်ဆိုင်သည့် နေအိမ် နှင့် ခြံဝင်းအား ဆိုင်းဘုတ်ချိတ်ကာ နေအိမ်သော့ နှင့် ခြံသော့အား ချိပ်ဖြင့်ပိတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
၄င်းက “ချိပ်ပိတ်ဓါတ်ပုံရိုက်ပြီး ပြန်ထွက်သွားကြတယ်။ ဒေါ်ခင်မျိုးမြင့် အိမ်က ပိတ်ထားတာတော့ကြာပြီး” ဟု ပြောသည်။
ဒေါ်ခင်မျိုးမြင့် မှာ (၂၀၁၅) ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုအဖြစ် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ရွေးကောက်ခံခဲ့ရသည့်အပြင်၊ (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ရွေးကောက်ခံထားရသူတစ်ဦးဖြစ်ကြောင်း သိရသည်။
(၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုရှိသည်ဆိုကာ မွန်ပြည်နယ်အတွင်းရှိ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၏ နေအိမ်၊ ဈေးဆိုင်၊ ဆိုင်ခန်းများ အား ချိပ်ပိတ်သိမ်းဆည်းမှု အများအပြား လုပ်ဆောင်ထားသည်။