ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားများ ဖမ်းဆီးရေးရက်ပေါင်း (၁၂၀) စီမံချက်၏ ရက်ပေါင်း (၅၀) အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။
တရားမဝင်အလုပ်သမားများ ဖမ်းဆီးရေးအတွက် ရက်ပေါင်း (၁၂၀) စီမံချက်အား ယခုနှစ် ဇွန်လ (၅) ရက်နေ့မှ စတင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့အထိ ရက်ပေါင်း (၅၀) အတွင်း ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင် အသီးသီးရှိ တရားမဝင်အလုပ်သမားများအား ထိုင်းအာဏာပိုင်းများက လိုက်လံ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာတွင် မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမားစုစုပေါင်း (၁၄၇၇၂၆) ဦး ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တရားမဝင်ရွေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရေးအဖွဲ့တွင် ထိုင်းအလုပ်အကိုင်ဦးစီးဌာန၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ ထိုင်းရဲဌာနအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဟွေ့ခွာဈေး၊ ဖာစီကျလိန်ဒေသ ရှိ ဈေးဆိုင်များ၊ ဘယ်ခယ်မြို့နယ်အတွင်းရှိ စက်ရုံများ၊ ရတ်ချ်ဘူရီနယ်မြေအတွင်းရှိ အုန်းသီးစက်ရုံ၊ ဥဒွန်ထာနီဒေသရှိ စားသောက်ဆိုင်များနှင့် ချတ်ချင်စောင်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် နေရာပေါင်းစုံမှ တရားမဝင် အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁၄၇,၇၂၆) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိခဲ့သည့် တရားမဝင် အထောက် အထားမဲ့ ရွေ့ပြောင်းအလုပ်သမားများထဲတွင် မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား (၁၁၀,၁၃၀) ဦး၊ ကမ္ဘောဒီးယာနိုင်ငံသား ရွေ့ပြောင်းလုပ်သား (၂၂,၉၉၉) ဦး၊ လာအိုနိုင်ငံသား ရွေ့ပြောင်းလုပ်သား (၉,၆၇၅) ဦး၊ ဗီယက်နမ်နိုင်ငံသား ရွေ့ပြောင်းလုပ်သား (၁၀၄) ဦးနှင့် အခြားနိုင်ငံခြားသား ရွေ့ပြောင်းလုပ်သား (၄,၈၁၈) ဦး တို့ပါဝင်သည်။
၎င်း တရားမဝင် အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမားများအနက် မြန်မာနိုင်ငံသား ရွေ့ပြောင်းလုပ်သား (၆၅၈) ဦး၊ လာအိုနိုင်ငံသား ရွေ့ပြောင်းလုပ်သား (၁၄၇) ဦး ၊
ကမ္ဘောဒီးယားနိုင်ငံသား ရွေ့ပြောင်းလုပ်သား (၁၄၁) ဦး ၊ ဗီယက်နမ်နိုင်ငံသား ရွေ့ပြောင်းလုပ်သား (၂၁) ဦးနှင့် အခြားနိုင်ငံခြားသား ရွေ့ပြောင်းလုပ်သား (၇၀) ဦးတို့အား အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း ထိုင်အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသား ရွေ့ပြောင်း အလုပ်သမားများ အနက်အထောက်အထားမဲ့၊ အလုပ်လုပ်ကိုင်ခွင့် Work Permit မရှိသည့်
အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်နေသည့် အလုပ်သမားအား တွေ့ရှိပါက ဒဏ်ငွေ ဘတ် (၅,၀၀၀) မှ ဘတ် (၅၀,၀၀၀) ထိအလုပ်သမားဖြစ်သူမှ ဒဏ်ငွေ
ပေးဆောင်ရမည်ဖြစ်ပြီးနေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ် ပိတ်ခံရမည်ဖြစ်ကြောင်းကို ထိုင်းအလုပ်သမားဦးစီးဌာနက အမိန့်ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့အတူ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင် အား စစ်ဆေးတွေ့ရှိပါက အလုပ်သမားတဦးလျှင်
ဘတ် (၁၀,၀၀၀) မှ ဘတ် (၁၀၀,၀၀၀) ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး (၁) နှစ် နှင့် ဒဏ်ငွေအဖြစ် ဘတ်ငွေ (၅၀,၀၀၀) မှ ဘတ် (၂၀၀,၀၀၀) ထိ ပေးဆောင်ရမည်ဖြစ်သည့်အပြင် ရွေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် (၃) နှစ် ပိတ်ပင်ခံရမည်ဖြစ်ကြောင်းလည်း ထိုင်းအလုပ်သမားဦးစီးဌာန ထုတ်ပြန်ထားကြောင်း သိရသည်။