Kawao News | ဧပြီ ၃၀

မတ်လ ၂၈ ရက်နေ့က အင်အားပြင်းထန်သောငလျင်ကြီးကြောင့် နေပြည်တော်ရှိ အစိုးရနှင့် စစ်ရေးအဆောက်အဦများ တော်တော်များများမှာ ပြိုကျပျက်စီးခဲ့သဖြင့် ပြန်လည်တည်ဆောက်ရန်အတွက် စစ်ကောင်စီက “အဆောက်အဦးပြန်လည်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ” တစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး မူလတည်ဆောက်ခဲ့သည့်ကုမ္ပဏီများအား တာဝန်ပေးကာ ပြန်လည်ပြုပြင်စေရန် စီစဉ်နေသည်ဟု စစ်ကောင်စီသတင်းတွင်ဖော်ပြထားသည်။
ဧပြီ ၂၉ ရက်နေ့ကကျင်းပသည့် ကော်မတီ၏ပထမအကြိမ်အစည်းအဝေးတွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက “ပြိုကျသွားသောအဆောက်အဦများအား ပြန်လည်တည်ဆောက်ရန် အစိုးရအာဏာအောက်ရှိကုမ္ပဏီများနှင့် ဂုဏ်သတင်းရှိသော တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ပေးမည်” ဟု ပြောကြားခဲ့သည်။
နေပြည်တော်ရှိ အရေးကြီးအဆောက်အဦးများအနက် သမ္မတအိမ်တော်အား ဧဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်က တည်ဆောက်ခဲ့ပြီး ဒုတိယသမ္မတနေအိမ်နှင့် လွှတ်တော်ဥက္ကဋ္ဌနေအိမ်တို့ကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက တာဝန်ယူဆောက်လုပ်ခဲ့သည်။
ဝဏ္ဏသိဒ္ဓိအားကစားရုံအတွက် မက်စ်မြန်မာကုမ္ပဏီ (ဦးဇော်ဇော်)၊ လွှတ်တော်အဆောက်အအုံအတွက် ACE ကုမ္ပဏီ (ဦးတင့်ဆန်း) တို့ဖြစ်ပြီး လက်ရှိတွင် ဦးတင့်ဆန်းမှာ စစ်ကောင်စီနှင့် ဆက်သွယ်မှုမရှိဘဲ တိမ်းရှောင်သွားပြီးဖြစ်သည်။
အခြားတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် စစ်ဗိုလ်ဟောင်းများ၏သားများဖြစ်သော တိုးနိုင်မန်း၊ အောင်သက်မန်း၊ သိန်းညွန့်၏သားနှင့် မောင်မောင်သိမ်း၏သားတို့ပိုင်ကုမ္ပဏီများမှာ အချို့ကသာ စစ်ကောင်စီနှင့်ပြန်လည်ဆက်သွယ်ထားပြီး အများစုမှာ တိမ်းရှောင်နေကြသည်။
နေပြည်တော်လေဆိပ်ဧည့်ခန်းမနှင့် ဆက်သွယ်ရေးတာဝါတိုင်တို့ ပြိုကျမှုအတွက် အေးရှားဝေါလ်ကုမ္ပဏီ (ဦးထွန်းမြင့်နိုင်)၊ A-1 ဆောက်လုပ်ရေး (ဦးအိုက်ထွန်း)၊ ရွှေတောင်ဆောက်လုပ်ရေးနှင့် ဧရာဟင်္သာကုမ္ပဏီ (ဦးဇော်ဝင်းရှိန်) တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် မူလတည်ဆောက်သူများကိုသာ ပြန်လည်တည်ဆောက်စေရန်နှင့်မြေစမ်းသပ်ခြင်း (Soil Test) နှင့် ငလျင်ဒဏ်ခံနိုင်သောဒီဇိုင်း များ ပါဝင်သည့် မူဝါဒကို ချမှတ်နေပြီဖြစ်သော်လည်း ပူးပေါင်းရန် ငြင်းဆန်နေသူကုမ္ပဏီပိုင်ရှင်များ၏ တုန့်ပြန်မှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။
ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာအရ စစ်ကောင်စီက တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဘိလပ်မြေ၊ သံ၊ အခြားအရည်အသွေးမြင့် ဆောက်လုပ်ရေးပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပေးမည်ဟု သိရသည်။
ငလျင်ကြီးသည် သမ္မတအိမ်တော်၊ လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စစ်ရုံး၊ ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအိမ်ရာများအပါအဝင် စစ်ခေါင်းဆောင်များ၏ လျှို့ဝှက်ဌာနချုပ်များ၊ ကာကွယ်ရေးပစ္စည်းစက်ရုံများအထိ ထိခိုက်မှုများကို ဖြစ်စေခဲ့သည်။






