သံဖြူဇရပ်၊ ဧပြီ ၃၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ထွက်ရှိသည့် နေလှန်းဆား၏ ဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၅၀၀ အထိ စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူ ဆားတောင်သူများထံတွင် ဆားလက်ကျန် မရှိတော့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလက ဆားဦးပေါ်ချိန်တွင် တစ်ပိဿာ ကျပ် ၁၅၀ သာ ရှိခဲ့သော်လည်း ဖေဖော်ဝါရီမှစတင်၍ လုပ်သားအခက်အခဲကြောင့် ဆားထုတ်လုပ်မှု ကျဆင်းလာခဲ့သည်။
“ဆားလုပ်ငန်းမှာ လုပ်သားမရှိတာက အဓိကပြဿနာဖြစ်နေပြီး ဆားကွင်းအများစုမှာ လုပ်သားမရှိလို့ ဆားတွေကို မကြုံးနိုင်ကြဘဲ ထိုင်ကြည့်နေရတယ်” ဟု ကရုပ္ပိကျေးရွာမှ ဆားထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် မတ်လတွင် ဆားရရှိသော်လည်း သယ်ယူမှုအတွက် လုပ်သားမရှိခြင်းကြောင့် ဈေးကွက်သို့ မပို့နိုင်ခဲ့ပေ။ ထို့အပြင် ဧပြီ ၁၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆားကွင်းများ ရေလျှံပျက်စီးခဲ့ပြီး ဆားကြမ်းဈေးနှုန်း ကျပ် ၅၀၀ အထိ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
ယခုနှစ် သင်္ကြန်ကာလအပြီးတွင် ဆားကြမ်းဈေးနှုန်း စံချိန်တင်မြင့်တက်မှုသည် လုပ်သားပြတ်လပ်ခြင်း၊ မိုးဒဏ်၊ ထုတ်လုပ်မှုလျော့နည်းခြင်းတို့ကြောင့် ဖြစ်သည်။
ဆားလုပ်ငန်းရှင်တစ်ဦးက “ဈေးကွက်တွင် ဝယ်လိုအားမြင့်သော်လည်း တောင်သူများလက်တွင် ဆားမရှိ” ဟု ထောက်ပြသည်။
ယခုအခါ ဆားရာသီကို ပိတ်သိမ်းထားပြီဖြစ်ကာ ပြန်လည်ထုတ်လုပ်ရန် မိုးရာသီကုန်ဆုံးသည်အထိ အချိန်ယူရဦးမည်ဟု ဆိုသည်။