KW News၊ (ဧပြီ ၃၀၊ ၂၀၂၅)

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ SSPP/SSA နှင့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့ကြား စစ်ရေးတင်းမာမှုများနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် မကြာမီတွင် SSPP နှင့် MNDAA ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း SSPP ၏ ပြည်သူများသို့ အသိပေးသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SSPP/SSA နှင့် MNDAA တို့သည် ဆယ်စုနှစ်နှင့်ချီ၍ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှစတင်၍ MNDAA တပ်ဖွဲ့များ SSPP နယ်မြေအတွင်း ဖြတ်သန်းသွားလာမှု၊ ဆက်သွယ်ရေး အားနည်းမှုနှင့် ဗဟိုအဆင့် ညှိနှိုင်းမှုမရှိခြင်းတို့ကြောင့် နှစ်ဘက်အောက်ခြေတပ်များအကြား မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ရေးသားသည်။
ပြီးခဲ့သည့် ဧပြီ ၂၈-၂၉ ရက်နေ့များတွင် နှစ်ဘက်တပ်ဖွဲ့များအကြား ထိပ်တိုက်ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများ ရှိခဲ့ပြီး စစ်ရေးထိတွေ့မှု (၈) နေရာ၊ ဖမ်းဆီးရိုက်နှက်မှု (၂၄) နေရာတို့တွင် နှစ်ဘက်တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုအချိန်တွင် သီပေါမြို့နယ်အတွင်း SSPP/SSA နှင့် MNDAA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး MNDAA ဘက်မှ အင်အားဖြည့်တင်းလာကြောင်း သိရသည်။
ဧပြီ ၂၉ ရက်က MNDAA တပ်ဖွဲ့ဝင်များသည် SSPP ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်စီးနင်းကာ တပ်သားများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ တပ်စခန်းအတင်းရွှေ့ပြောင်းခြင်းတို့ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။
တင်းဟိုင်း၊ ဟူးမီကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နှစ်ဘက်စလုံးမှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး MNDAA တပ်သားများ ဒဏ်ရာရရှိခဲ့သည်။ စိန်ကျော့တပ်စခန်းတွင် MNDAA က ခေတ္တထိန်းချုပ်နိုင်ခဲ့သော်လည်း SSPP/SSA က နောက်ပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိတွင် MNDAA တပ်ဖွဲ့များသည် နားနန်း၊ နားတော်၊ တင်းဟိုင်း၊ ဆိုင်ကျော့၊ နားတောင့်၊ နားမခေါ်၊ ခိုနန်းဖ၊ ဖာစေ (သီပေါ) စသည့် SSPP တပ်စခန်းများအနီးတွင် အင်အားဖြည့်တင်းလျက်ရှိပြီး လက်ရှိတွင် စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနေသည်။

