KW News – ၂၀၂၅၊ ဧပြီ ၃၀ ရက်
ကရင်ပြည်နယ် သောင်ရင်းမြစ်ဒေသတွင် သံလွင်မြစ်အထက်ပိုင်းမှ ဆင်းလာသည့် မူးယစ်ဆေးဝါးတင်ဆောင်လာသော စက်လှေတစ်စီးအား ဧပြီ ၂၇ ရက်နေ့တွင် KNU ဖမ်းဆီးသိမ်းဆည်းခဲ့သည်ဟု KNLA သတင်းရင်းမြစ်က ပြောသည်။
ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးရမိသည့် ပစ္စည်းများသည် မြင်းဆေးအလုံး ၅ သန်းခန့် ဖြစ်ပြီး မဲသဝေါအနီး မြန်မာဘက်ကမ်းသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ထိုနေ့မနက် ၈ နာရီဝန်းကျင်တွင် မာနယ်ပလောဒေသရှိ KNU/KNLA တပ်မဟာ (၇) စစ်ဆေးရေးဂိတ်၌ ပစ္စည်းများအား စစ်ဆေးသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုပစ္စည်းများသည် ဖားဆောင်းဘက်မှဆင်းလာပြီး မြန်မာပြည်အတွင်းပိုင်းသို့ တဆင့်ပြန်ပို့မည့် အစီအစဉ်ရှိသည်ဟုလည်း ဖော်ပြထားသည်။
သတင်းရင်းမြစ်တစ်ဦးက “ပစ္စည်းတင်ပို့မှုဟာ ဒါနဲ့သုံးကြိမ်မြောက်ဖြစ်ပြီး လှေသမားက တော်လှန်ရေးအဖွဲ့အစည်းနာမည် အကာအကွယ်ယူကာ အလွဲသုံးစားလုပ်နေတာ၊ လက်ရှိအဖမ်းခံခဲ့ရတာ လူ ၄ ယောက်ရှိတယ်” ဟုဆိုသည်။
KNLA ၏ အချက်အလက်အရ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် စစ်ကောင်စီနှင့် ဆက်နွယ်မှုရှိသော DKBA တပ်ဖွဲ့ကြီးကို ဦးဆောင်နေသူ ကြာအင်းပေါ်တော်မူ ဆရာတော်နှင့် သက်ဆိုင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မဲသဝေါအောက်ဘက်ကမ်း၌ ပစ္စည်းများရောက်ရှိပါက ကားဖြင့် ချက်ချင်းသယ်ယူတတ်ကြောင်းလည်း ဆိုသည်။
လှေသမားဒေသခံတစ်ဦးက “အဖွဲ့အစည်းအမည်ကို တပ်ဖွဲ့တွေ အသုံးချပြီး မူးယစ်ဆေးဝါးတင်ပို့မှုများ တိုးလာတာကြောင့် KNU/KNLA စစ်ဆေးရေးဂိတ်များမှာ လုံခြုံရေးတင်းကြပ်မှုများ တိုးလာနေပြီ” ဟု ပြောကြားသည်။


ဖမ်းဆီးသိမ်းဆည်းရမိသည့် ပစ္စည်းများ