အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာဏာရယူပြီးရက် ၁၀၀ အတွင်းမှာ ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ တရားခံ ၁၀၀ ဦးရဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်မှာ ခင်းကျင်းပြသခဲ့ပြီး အဲဒီတရားခံတွေထဲမှာ မြန်မာလူမျိုး ၃ ယောက် ပါဝင်တယ်လို့ အိမ်ဖြူတော်က ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
ထရမ့်အစိုးရက သူ့ရဲ့ ဒုတိယသက္ကရာဇ်ရဲ့ ပထမ ၁၀၀ ရက်အတွင်းမှာ ရွှေ့ပြောင်းလူမျိုးတွေထဲက ရာဇဝတ်မှုကျူးလွန်သူတွေကို ပြည်ပပြန်ပို့တာ၊ ဖမ်းဆီးထောင်ချထားတာနဲ့တင်ပြစ်မှုတွေပေါ်မူတည်ပြီး တင်းကျပ်တဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်ခဲ့တယ်။ ထိုအချိန်အတွင်းမှာ ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်း တရားခံ ၁၀၀ ဦးရဲ့ ဓာတ်ပုံတွေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုအကြောင်းအရာတွေကို အိမ်ဖြူတော်မှာ ခင်းကျင်းပြသခဲ့တာ ဖြစ်တယ်။
ဒီဖမ်းဆီးခံရတဲ့ ၁၀၀ ဦးထဲမှာ မြန်မာနိုင်ငံသား ၃ ယောက် ပါဝင်တယ်။ အမှတ်စဉ် ၅၉ နေရာမှာ တက်ဆက်ပြည်နယ်က ကလေးသူငယ်အပေါ် အကြမ်းဖက်မှုနဲ့ ဖမ်းခံခဲ့ရပြီး ၁၂ နှစ် ထောင်ကျခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် တေမြင့်၊ အမှတ်စဉ် ၇၇ မှာကတော့ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ ၇ နှစ် ထောင်ဒဏ်ခံထားရတဲ့ Thang Lam KAP၊ နောက်ဆုံးအမှတ်စဉ် ၈၂ မှာကတော့ မုဒိမ်းမှုနဲ့ ၁၀ နှစ်ထောင်ဒဏ် ချမှတ်ခံထားတဲ့ Samuel LUNG-Sein တို့ ဖြစ်ကြတယ်။
တေမြင့်ကို ICE Dallas က ၂၀၂၅ မတ် ၃ ရက်နေ့မှာ ဖမ်းခဲ့ပြီး၊ အမေရိကန်တရားရုံးက ၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့မှာ နိုင်ငံထုတ်ပယ်ရန်အမိန့်ချမှတ်ထားခဲ့တယ်။ Thang Lam KAP နဲ့ Samuel LUNG-Sein တို့ကိုတော့ ICE Chicago က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ နဲ့ ၁၇ ရက်နေ့တွေမှာ အသီးသီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်။


