The Nation- ဧပြီ (၁၉)

ဒီနှစ် ထိုင်းနိုင်ငံက သင်္ကြန်ပွဲတော်ကာလအတွင်း “လဘူဘူး” ဟု လူသိများလာသော မူးယစ်ဆေးအသစ်တစ်မျိုးကြောင့် အနည်းဆုံးလူ ၂ ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ICU ထဲမှာ အရေးပေါ်ဆေးကုသမှုခံနေရတာလို့ Ramathibodi မူးယစ်ဆေးအဆိပ်သင့်မှု ထိန်းချုပ်ရေးစင်တာက အတည်ပြုခဲ့ပါတယ်။
“လဘူဘူး” (Labubu) ဟာ ဟောင်ကောင်ဒီဇိုင်နာ Kasing Lung ဖန်တီးထားတဲ့ ချစ်စရာကောင်းတဲ့အရုပ်ဇာတ်ကောင်ကို မှီငြမ်းဖန်တီးထားတဲ့ မူးယစ်ဆေးပြားတွေပါ။ အရုပ်ဆန်ဆန် ဒီဇိုင်းနဲ့ လူငယ်တွေကြားမှာ သင်္ကြန်ကာလအတွင်း ထင်ရှားစွာ ပြန့်နှံ့လာခဲ့တယ်လို့ သိရပါတယ်။
Ramathibodi စင်တာက သတိပေးချက်ထုတ်ပြီး ပြောကြားတာအရ၊ ဘန်ကောက်ရေကစားပွဲတွေမှာ ဤမူးယစ်ဆေးကို သုံးခဲ့တဲ့ လူငယ်သုံးဦးကတော့
• သတိလစ်ခြင်း
• ကြွက်သား တုန်ခါခြင်း
• အသက်ရှူနှုန်းနဲ့ နှလုံးခုန်မှု ပျက်စီးခြင်း
စတဲ့ အန္တရာယ်ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ကြပြီး လူငယ် ၂ ဦးက သေဆုံးသွားပြီး တစ်ဦးက ICU မှာ ဆေးကုသခံနေရပါတယ်။
#မူးယစ်ဓာတ်နှစ်မျိုး ပါဝင်နိုင်ခြေရှိ
ကနဦးစမ်းသပ်ချက်တွေအရ ဒီမူးယစ်ဆေးမှာ စိတ်ဖိစီးမှုပြေလျော့စေတဲ့ဓာတ် (depressant) နဲ့ စိတ်ကို လှုံ့ဆော်တက်စေတဲ့ဓာတ် (stimulant) တို့ရောစပ်ထားပြီး သုံးစွဲလိုက်ရင် အလွန်အန္တရာယ်ကြီးတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် ဆေးအမျိုးအမည်တိတိနဲ့ပါဝင်မှုအချိုးအစားတွေကိုတော့ လက်ရှိမှာ ဆက်လက်စမ်းသပ်နေဆဲဖြစ်ပါတယ်။
#“ခနုံဖုံး” ဖြစ်စဉ်နဲ့ ဆင်တူ
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံမှာ “ခနုံဖုံး” ဆိုတဲ့ တခြားဆေးပြားကြောင့်လည်း လူတွေအသက်ဆုံးရှုံးမှု ဖြစ်ခဲ့ဖူးတာရှိသလို အခုဖြစ်နေတဲ့ “လဘူဘူး” မူးယစ်ဆေးဝါးကလည်း အလားတူအန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။
အခုဖြစ်နေတဲ့ဖြစ်စဥ်တွေဟာ မျက်စိအောက်မြင်ရတဲ့ တစ်စိတ်တစ်ပိုင်းလောက်သာဖြစ်နိုင်ပြီး အခြားဆေးရုံတွေမှာလည်း ဆိုးရွားတဲ့အခြေအနေမှာ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ တရားဥပဒေအရ စုံစမ်းဖော်ထုတ်နိုင်မှသာ နောက်ထပ်သေဆုံးမှုတွေကို တွေ့ရှိမှာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) အနေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပညာရှင်တွေ ပူးပေါင်းပြီး လုပ်ဆောင်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိမိအနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ မူးယစ်ဆေးသုံးဖူးသူတွေရှိနေပါက သို့မဟုတ် သင်္ကြန်ပွဲတော်အပြီး မူးယစ်ဆေးတွေ သုံးစွဲနေတာ သိရှိပါက အထူးသတိပြုဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် လူငယ်တွေဟာ ဒီလို မထင်မှတ်ထားတဲ့ မူးယစ်ဆေးတစ်မျိုးကြောင့် အသက်အန္တရာယ်ကြုံရနိုင်တာမို့ မိသားစုအနေနဲ့၊ မိတ်ဆွေအနေနဲ့ တာဝန်ယူမှုရှိဖို့လိုပါတယ်။
အလေးအနက်သတိပေးခြင်း – Labubu ဆေးပြားများ သုံးစွဲခြင်းသည် အသက်အန္တရာယ်ရင်ဆိုင်ရနိုင်တယ်။