မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုအပါအဝင် မိမိ၏အင်အားဖြင့် UWSP ဝပြည်သွေးစည်းညီညွတ်ပါတီက ငြိမ်းချမ်းသော နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၉ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့် အနေအထားသို့ ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီး ဆိုးရွားစွာထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း၊
စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက လူမျိုးစုအချင်းချင်းကြား အကွဲအပြဲ ပိုမိုနက်ရှိုင်းလာပြီး ရန်ငြိုးများသည်လည်း ပိုမိုမြင့်တက်လာကာ မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း။
ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများအနေဖြင့် တစ်ဖက်တွင် ပြည်သူလူထုကို ကိုယ်စားပြုကြေညာပြီး အခြားတစ်ဖက်တွင် ပြည်သူလူထုတို့ လိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံးဝမျက်ကွယ်ပြုခြင်း မလုပ်သင့်ကြောင်း။ ၄င်းအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အကျိုးရှုထောင့် တစ်ခုပေါ်သာ ရပ်တည်ပြီး ပြည်သူလူထု၏အကျိုးစီးပွားကို လျစ်လျူရှုခြင်း မပြုလုပ်သင့်ကြောင်း။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းသည့် အချိန်မှစ၍ UWSP အနေဖြင့် မိမိတို့၏သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာကိုယူပြီး “ဝ” ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကို စဉ်းစား၍ မည်သည့်အဖွဲ့ အစည်း၏ စစ်ရေးပဋိပက္ခတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ခြင်းနှင့် စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက် မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း။
ဤရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့် ပြောင်းလဲသွားမည်မဟုတ်သလို “ဝ”ပြည်နယ်တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့်ကိုက်ညီသည့်အပြင် မြန်မာနိုင်ငံတိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့်လည်း ကိုက်ညီနေပါကြောင်း။
တိုင်းရင်းသားပြည်သူလူထုများမှလည်း တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် မျှော်လင့်နေကြပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်းနှင့် နေထိုင်မှုပုံမှန်လည်ပတ်လာစေလိုသည့် ဆန္ဒများ ပိုမိုပြင်းပြနေပါကြောင်း။
ထို့ကြောင့် “ဝ”ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် အပြင်းအထန်ထိခိုက်သွားသော ပြည်သူတို့၏ စီးပွားရေးကို ပြန်လည်နလန်ထူစေရန်နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုကို လုံခြုံရေးအားမခံချက်ရှိစွာ နေရပ်သို့ပြန်ရောက်စေရန်အတွက် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် အလေးအနက်တိုက်တွန်း အပ်ပါကြောင်း *ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီက ကြေညာချက်ထုတ်ပြန်ထားသည်။
Ref; UWSP ထုတ်ပြန်ကြေညာချက်။
