စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ၏ တာဝန်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇူလိုင် (၂၂) ရက်နေ့က လွှဲပြောင်းရယူခဲ့ပြီးသည့်နောက်ပိုင်း မြန်မာ့ငွေကြေးတန်ဖိုးသည် ပြန်လည်ဦးမော့လာခြင်းမရှိတော့ဘဲ အနိမ့်ဆုံးသို့ ဆက်လက်ထိုးကျသွားကြောင်း သတင်းအချက်အလက်များက ဖော်ပြနေသည်။
စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် လွှဲပြောင်းယူခြင်းမပြုမီ ရက်ပိုင်းအလိုတွင် မီးလင်းအခေါက်ရွှေတစ်ကျပ်သားမှာ ကျပ် ၅၉ သိန်းဝန်းကျင်ရှိနေပြီး ယနေ့ပေါက်စျေးမှာ ကျပ် ၆၅ သိန်းခွဲ၊ အမေရိကန်တစ်ဒေါ်လာလျင် မြန်မာကျပ် ၅၃၀၀ ၊ ထိုင်း ၁ ဘတ်လျင် မြန်မာငွေ ၁၄၇ ကျပ် (ဝါ) ထိုင်းဘတ် ၆၈၀ လျင် မြန်မာငွေတစ်သိန်းအထိ တန်ဘိုးများ အသီးသီး ထိုးကျသွားခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့မှ မြန်မာ့ငွေကြေးနှင့် စီးပွားရေးလေ့လာသူတစ်ဦးက ပြောသည်။
“မနက်ဖန်မှာ ကျင်းပမယ့် ကာလုံအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် အကောင်းဘက်ကို ဦးတည်မယ့်ခြေလှမ်း တွေ လုံးဝမမြင်မိပါဘူး၊ စစ်ပွဲတွေ တိုက်ပွဲတွေ ပိုပြီးကြမ်းလာမယ့်အနေအထားရှိနေတယ်လို့ဘဲ သုံးသပ်ရတယ်၊ ပိုက်ဆံရှိတဲ့လူတွေဟာ မီးလင်းအခေါက်ရွှေကို အဓိကဝယ်ပြီး သိမ်းထားကြတယ်၊ ဒီနေ့လယ် မီးလင်း ပေါက်စျေး ၆၅ သိန်းခွဲရှိတယ်၊ ဒါတောင် ချက်ချင်းဝယ်လို့ မရပါဘူး စောင့်ရသေးတယ်”
လက်ရှိတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ MNDAA ကိုးကန့်၊ TNLA တအာင်း၊ AA ရက္ခိုင့်တပ်တော်တို့က မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေဆဲဖြစ်သလို သိန်းနှင့်ချီသော စစ်ဘေးရှောင်များကလည်း ဘေးလွတ်ရာယူဆသည့်နေရာများသို့ နေအိမ်စွန့်ခွာ၍ ထွက်ပြေးပုန်းရှောင်နေကြရသည်။
မနက်ဖန် ဇူလိုင်လ (၃၁) ရက်တွင် ကျင်းပမည့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှ ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ ကံကြမ္မာကို အကောင်းဘက်သို့ ဦးတည်လာနိုင်စရာကြောင်း မရှိသဖြင့် မြန်မာ့စီပွားရေးသည် မကြာကာလမှာ လဲပြိုသွားနိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
“နိုင်ငံခြားရင်းနှီးမြှုပ်မှု ဝင်ရောက်မှု နည်းပါးလာတာ၊ ပြန်ထွက်သွားတာ၊ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်မှု ကျဆင်းလာတာ၊ စစ်ကောင်စီရဲ့ နိုင်ငံရေး စီးပွားရေး ပေါ်လစီအမှားတွေကြောင့် ဥပမာ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်တာ၊ စစ်အသုံးစရိတ်တိုးမြှင့်လိုက်တာ၊ အခုဆိုရင် ဝန်ထမ်းလစာတိုးပေးရတာမျိုးပေါ့၊ ကမ္ဘာ့ဘဏ်ကလည်း မြန်မာ့စီးပွားရေးအခြေအနေဟာ တိုးတက်မှုနှုန်း အား တက်စရာမရှိဘဲ ဆက်လက်ကျဆင်းနေဦးမှာလို့ သုံးသပ်ထားသလို လာမယ့် ၂၀၂၅ ခုနှစ်အထိ မရေရာ မသေချာသေးဘူးလို့ သတိ ပေးထားပါတယ်” ဟု ဆိုသည်။
မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရန် Political and legal environment နိုင်ငံရေးနှင့် ဥပဒေရေးရာ ပတ် ဝန်းကျင်ကောင်းမွန်လာပါက business environment စီးပွားရေး ပတ်ဝန်းကျင် ကောင်းမွန်လာပြီး ငွေဖောင်း ပွမှုနှုန်းသည်လည်း ကျဆင်းလာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ယခုနှစ်ဦးပိုင်း ဇန်နဝါရီလက မီးလင်းအခေါက်ရွှေစျေးနှုန်း ၃၇ သိန်းဖြစ်ပြီး ထိုင်းငွေလဲနှုန်းမှာ ထိုင်းတစ်ဘတ် မြန်မာငွေ ၉၉ ကျပ် (သို့မဟုတ်) ထိုင်းဘတ်ငွေတစ်ထောင်မှာ မြန်မာငွေကျပ်တစ်သိန်းဝန်းကျင် ဖြစ်ခဲ့သည်။

