“Rajadhiraj’s Rangoon Relics and a Mon Funerary Stupa”-Journal of Siam Society, 2015 ကို ဘာသာပြန်သည်။
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၅၂-၁၈၅၃) ပြီးဆုံးချိန်တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်၏ အခြေ၌ စစ်တန်းလျားများ ဆောက်လုပ်ရန်အတွက် အပျက်အစီးများဖြစ်နေသော အုတ်ဖြင့်ဆောက်ထားသည့် ရှေးဟောင်းအဆောက်အအုံများကို ရှင်းလင်းခဲ့ပါသည်။
စေတီတစ်ဆူအတွင်းမှ ပစ္စည်းကိုးမျိုးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး၊ အရေးအကြီးဆုံးမှာ ရွှေဓာတ်တော်ကြုတ် သုံးခု၊ ပါဠိဘာသာဖြင့် စာကြောင်း ၁၅ ကြောင်းပါ မှတ်တမ်း ရေးထွင်းထားသော ရွှေပြားခါးပတ်တစ်ခုနှင့် အရိုးပြာ အစအန နှစ်ဆယ့်တစ်စ ပါဝင်သော သပိတ်တစ်လုံးတို့ ဖြစ်ကြသည်။
ရေးထွင်းထားသော ရွှေပြားခါးပတ်ကို ရှေးဟံသာဝတီ (ယခု ပဲခူးမြို့) ကို မြို့တော်အဖြစ် အုပ်စိုးခဲ့သော မွန်ဘုရင် ရာဇာဓိရာဇ် (နန်းစံနှစ် ခန့်မှန်း ၁၃၈၄ – ၁၄၂၀) ၏ လက်ရာအဖြစ် သတ်မှတ်နိုင်သည်။ ဤထင်ရှားသော မွန်ဘုရင်နှင့် ပတ်သက်သည့် တစ်ခုတည်းသော ကမ္ပည်းစာဖြစ်သည့်အပြင်၊ ၁၄ ရာစုနှင့် ၁၅ ရာစုအစောပိုင်း မြန်မာနိုင်ငံအောက်ပိုင်းမှ ကျန်ရစ်သော မှတ်တမ်းအနည်းငယ်ထဲသို့ သိသာထင်ရှားသော ဖြည့်စွက်မှုတစ်ခုလည်း ဖြစ်သည်။
ပါဠိကမ္ပည်းစာတွင် ရာဇာဓိရာဇ်၏ မိဖုရားအား မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားတွင် ပြုလုပ်ခဲ့သော ဘာသာရေးဆိုင်ရာ လှူဒါန်းမှုများကို မှတ်တမ်းတင်ထားသည်။ သပိတ်အတွင်းမှ အရိုးပြာများသည် မိဖုရား၏ အရိုးပြာများ ဖြစ်နိုင်ဖွယ်ရှိပြီး၊ ဤစေတီသည် ဈာပနဆိုင်ရာ အထိမ်းအမှတ်အဆောက်အအုံတစ်ခုဖြစ်ကြောင်း ညွှန်ပြနေသည်။
ရွှေဓာတ်တော်ကြုတ်သုံးခုကို မြန်မာနိုင်ငံအောက်ပိုင်းတွင် ပြုလုပ်ခဲ့ဖွယ်ရှိသော်လည်း သီရိလင်္ကာမှ နမူနာများနှင့် ဆင်တူယိုးမှားဖြစ်နေသည်။ သီရိလင်္ကာနှင့် အရှေ့အိန္ဒိယတို့မှ တင်သွင်းလာသော ဓာတ်တော်ကြုတ်များသည် အရှေ့တောင်အာရှရှိ ဓာတ်တော်ကြုတ်များနှင့် အုတ်၊ ကျောက်တို့ဖြင့် တည်ထားသော စေတီများ၏ ဒီဇိုင်းပုံစံများကို ဖန်တီးရာတွင် အတိုင်းအဆမရှိသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ်ရှိသည်။
ဤရတနာသိုက်ကို အခါအားလျော်စွာ သတိပြုမိကြသော်လည်း၊ ၁၄ ရာစုနှင့် ၁၅ ရာစုအတွင်း မွန်ယဉ်ကျေးမှုနှင့် အရှေ့တောင်အာရှရှိ ဈာပနဆိုင်ရာ ဓလေ့ထုံးတမ်းများကို နားလည်ရန် အရေးပါသောကြောင့် ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်ပါသည်။
ရှာဖွေတွေ့ရှိခြင်း
ဤပစ္စည်းများကို ၁၈၅၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် “အရှေ့ဘက်ကုန်းမြင့်များပေါ်ရှိ စေတီတစ်ဆူကို မြေညှိစဉ် (ဥရောပတပ်သားများအတွက် စစ်တန်းလျားသစ်နေရာ)” တွေ့ရှိခဲ့ခြင်း ဖြစ်သည် (Sykes 1860: 299)။ ရှေးမြေပုံများနှင့် ဖော်ပြချက်များအရ ဤစစ်တန်းလျားများသည် ရွှေတိဂုံစေတီတော်၏ အရှေ့တောင်ဘက် “မိုင်လေးပုံတစ်ပုံခန့်” အကွာတွင် တည်ရှိသည် (St. John 1895: 201)။ ဓာတ်တော်များ ဌာပနာထားသည့် အုတ်စေတီသည် “စေတီငယ်လေးများ တောအုပ်ကဲ့သို့ ရှိနေသည့်အထဲမှ” တစ်ဆူဖြစ်သည်¹။
¹ ဤအရေးကြီးသော ရတနာသိုက်သည် ၁၈၆၀ ခုနှစ် Sykes ၏ တွေ့ရှိချက်များ အကျဉ်းချုပ်ဖော်ပြချက်နောက်ပိုင်း များစွာလျစ်လျူရှုခြင်း ခံခဲ့ရသည်။ ရွှေဦးထုပ်(မကိုဋ်)ကို ဗစ်တိုးရီးယားနှင့် အဲလ်ဘတ်ပြတိုက်မှ ထုတ်ဝေသော စာရင်းတစ်ခုတွင် ထည့်သွင်းခဲ့ပြီး (Lowry 1974)၊ ထို့နောက် ရွှေပြားခါးပတ်ကို ဓမ္မစေတီမင်းနှင့်လည်းကောင်း၊ ရွှေဦးထုပ်(မကိုဋ်)ကို ဗညားကျန်း သို့မဟုတ် ဘုရင်မကြီး ရှင်စောပုနှင့်လည်းကောင်း မှားယွင်းစွာ ဆက်စပ်ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ် ထွက်ပေါ်လာခဲ့သည် (Singer 1992)။
၁၉ ရာစုအလယ်ပိုင်း ရွှေတိဂုံစေတီတော်၏ အရှေ့တောင်ဘက် မြေသားခံတပ်ရိုးများပေါ်တွင် တွေ့ရှိခဲ့သည် (Grant 1995: 29)။ ၁၈၅၂ ခုနှစ် မြေပုံတစ်ခုတွင် ဤနေရာ၌ စေတီငယ် သုံး-လေးဆူခန့် ပြသထားသော်လည်း အမှန်တကယ်တွင် ထိုထက်များစွာ တည်ရှိခဲ့သည်မှာ သေချာပါသည် (Khin Maung Nyunt 2000: 34) (ပုံ ၇)။ ၁၉ ရာစု ရန်ကုန်ရှုခင်းတွင် အုတ်စေတီ ရာပေါင်းများစွာ ပြန့်ကျဲတည်ရှိခဲ့သော်လည်း ရွှေတိဂုံ၊ ဆူးလေ နှင့် ဗိုလ်တထောင်စေတီများကဲ့သို့ အခြေအနေကောင်းမွန်ပြီး ကိုးကွယ်ပူဇော်မှု ပြုလုပ်သော စေတီများမှာ နှစ်ဆယ်ခန့်သာ ရှိသည် (Grierson 1825; Grant 1995)။
ဤသေးငယ်သော်လည်း အထင်ကြီးဖွယ်ရာ ရတနာသိုက်ကို ကာလကတ္တားသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် လန်ဒန်ရှိ အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ထံသို့ ပေးပို့ခဲ့ရာ ၁၈၅၆ ခုနှစ်တွင် ကုမ္ပဏီ၏ ပြတိုက်သို့ ရောက်ရှိခဲ့သည်။
ထိုပစ္စည်းများကို ၁၈၅၇ ခုနှစ် ဇွန်လတွင် တော်ဝင်အာရှအသင်း၏ အစည်းအဝေးတစ်ခု၌ ပြသခဲ့ပြီး၊ နောက်ပိုင်းတွင် ဗိုလ်မှူးကြီး ဒဗလျူ. အိပ်ချ်. ဆိုက်ခ်စ် (Col. W. H. Sykes) က အသင်း၏ ဂျာနယ်တွင် မှတ်တမ်းတင်ခဲ့သည်။
ထို့နောက် ပစ္စည်းများကို ၁၈၇၉ ခုနှစ်တွင် ဆောက်ကင်ဆင်တန်ပြတိုက် (နောင်တွင် ဗစ်တိုးရီးယားနှင့် အဲလ်ဘတ်ပြတိုက် ဖြစ်လာသည်) သို့ လွှဲပြောင်းပေးခဲ့သည်။ သို့သော် ရွှေပြားခါးပတ်မှာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မသိရှိရတော့ဘဲ၊ ၎င်း၏ စာသားကိုမူ အထက်ပါဂျာနယ်တွင် လက်ရေးမိတ္တူအဖြစ် ထည့်သွင်းဖော်ပြခဲ့သည် (Sykes 1860: Pl. IV) (ပုံ ၆)။
Sykes ၏ ဆောင်းပါးတွင် ပစ္စည်းကိုးမျိုးကို စာရင်းပြုစုဖော်ပြထားသည်- “ရွှေစေတီပုံစံ [ဓာတ်တော်ကြုတ်] သုံးပိုင်းပါ တစ်ခု၊ ပိုကြီးသော အလားတူပစ္စည်း လေးပိုင်းပါ တစ်ခု၊ ပိုသေးသော အလားတူပစ္စည်း သုံးပိုင်းပါ (မပြည့်စုံ) တစ်ခု၊ ကျောက်မျက်များ စီခြယ်ထားသော ရွှေဦးထုပ်(မကိုဋ်) (ကျိုးပဲ့နေသည်)၊ ရွှေဖြင့်ပြုလုပ်ထားသော ပန်းခိုင်၊ ရွှေရွက်လိပ်၊ ပတ္တမြားတစ်လုံး တပ်ဆင်ထားသော ရွှေခွက်ငယ်၊ ကျောက်မျက်များ စီခြယ်ထားသော ရွှေခါးပတ်၊ အဖုံးပါ ရွှေသပိတ်။” (Sykes 1860: 299)။ ထိုကိုးမျိုးအနက် လေးမျိုးသာ ယခုအခါ ဗစ်တိုးရီးယားနှင့် အဲလ်ဘတ်ပြတိုက်တွင် ကျန်ရှိတော့သည်²။ ရွှေသပိတ်ထဲတွင် မီးသင်္ဂြိုဟ်ထားသော မည်းနက်နေသည့် အရိုးပြာ အစအန နှစ်ဆယ့်တစ်စ ပါရှိသည်။
ဤပစ္စည်းများကို ရီပူဆေး (repoussé) ပညာဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ရွှေပြားများကို အလိုရှိရာပုံစံအတိုင်း ပုံဖော်ပြီး အတွင်းဘက်မှ ထုနှက်၍ အပြင်ဘက်တွင် ရုပ်ကြွအလှဆင်များ ပေါ်လာစေသည့် ပညာရပ်ဖြစ်သည်။
ရွှေပြားများမှာ ပါးလွှာသောကြောင့် ပြီးစီးသွားသော ပစ္စည်းများသည် အလွယ်တကူ ကျိုးပဲ့ပျက်စီးနိုင်သည်။ ရီပူဆေးပညာကို အိန္ဒိယနှင့် အရှေ့တောင်အာရှတစ်ဝှမ်းတွင် ပထမထောင်စုနှစ် အစောပိုင်းကတည်းက ကျင့်သုံးခဲ့ကြပြီး ပုဂံခေတ် (ခန့်မှန်း ၁၁ ရာစု – ၁၃ ရာစု) တွင်လည်း တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။
သို့သော် ရန်ကုန်မှ ဤပစ္စည်းများသည် ၁၃ ရာစုနှင့် ၁၆ ရာစုကြား မြန်မာနိုင်ငံအောက်ပိုင်းမှ ကျန်ရစ်သော တစ်ခုတည်းသော သိသာထင်ရှားသည့် ရီပူဆေးပညာ နမူနာများဖြစ်သည်³။ ထိုင်းနိုင်ငံတွင်မူ ထိုခေတ်ကာလတူအတွင်း ရီပူဆေး ရွှေထည်ပစ္စည်းများစွာကို မှတ်တမ်းတင်ထားပြီး အထူးသဖြင့် စေတီဂူများအတွင်း ဌာပနာခဲ့သော ပစ္စည်းများဖြစ်သည်။
² ပြတိုက်ရှိ ရွှေထည်ပစ္စည်းများမှာ စေတီ (အမြင့် ၁၃.၅ လက်မ)၊ ဦးထုပ် (အမြင့် ၇.၅ လက်မ)၊ ပန်းခိုင် ၁၆ ခုပါ ပန်းဆွဲတစ်ခု နှင့် အရိုးပြာများပါသော အဖုံးပါ ခွက်ငယ်တစ်လုံးတို့ ဖြစ်သည်။ ကျောက် ၇၁ လုံးစီခြယ်ထားသော ခါးပတ် (အရှည် ၂၇ လက်မ)၊ ရွှေခွက်နှင့် အသေးဆုံးစေတီ (အပိုင်းအစ) (အမြင့် ၂.၅ လက်မ) တို့မှာ ပြတိုက်မှ ပျောက်ဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ခါးပတ်၏ တစ်ခုတည်းသော ပုံကို Sykes ၏ ကျောက်ပုံနှိပ်ပန်းချီတွင် တွေ့နိုင်သည် (Pls. I, III) (ပုံ ၁)။ ၁၉၅၈ ခုနှစ်တွင် ပြတိုက်စာရင်းမှ ပယ်ဖျက်ခဲ့သော ပြည့်စုံသည့် ရွှေစေတီသည် အမြင့် ၁၄.၅ လက်မ၊ အချင်း ၇.၅ လက်မရှိပြီး ပတ္တမြား ၂၄ လုံး စီခြယ်ထားသည် (ပုံ ၃)။ ပုံသဏ္ဌာန်မမှန်သော အရိုးပြာ ၂၁ စမှာ အရွယ်အစား အမျိုးမျိုးရှိပြီး အရှည် ၁ လက်မအောက်မှ ၂ လက်မကျော်အထိ ရှိသည်။
³ ရန်ကုန်၊ ဗိုလ်တထောင်စေတီသည် တူးဖော်တွေ့ရှိခဲ့သော ဌာပနာတိုက်၏ ရှားပါးသော ဥပမာတစ်ခုဖြစ်သည်။ စေတီပုံ ကျောက်ကြုတ်တစ်ခုအတွင်း ဗိုက်ပူဘုန်းကြီးရုပ် (ရှင်ဂဝံပတိ ဖြစ်နိုင်) ကျောက်ဆင်းတုငယ်တစ်ဆူနှင့် အောက်ခြေတစ်ဖက်စီတွင် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီပါသော ရီပူဆေး ရွှေစေတီငယ်လေးတစ်ဆူ ပါရှိသည်။
အတွင်း၌ အရိုးပြာငယ်နှစ်စနှင့် သစ်စေးသုတ်ထားသော ဆံတော်တစ်ဆူ ပါဝင်သည် (Luce 1985: Fig. 72; Stadtner 2011: 115)။ ရီပူဆေးစေတီသည် လက်ရာကြမ်းသော်လည်း ဤခေတ် မြန်မာနိုင်ငံအောက်ပိုင်းမှ ကျန်ရစ်သော ဥပမာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
အယုဒ္ဓယရှိ ဝပ်မဟာဓာတ် (ခန့်မှန်း ၁၃၇၄) (Prathum 2005) နှင့် ဝပ်ရာ့ချ်ဘူရာန (ခန့်မှန်း ၁၄၂၄) (Pattaratorn 2005) တို့တွင် တွေ့ရသော ရွှေထည်များကဲ့သို့ပင် ဖြစ်သည်။
ရန်ကုန်ရတနာသိုက်မှ အဓိကပစ္စည်းများကို အသင်း၏ ဂျာနယ်တွင် ပါဝင်သော ကျောက်ပုံနှိပ်ပန်းချီတစ်ခုတွင် ဖော်ပြခဲ့သည် (ပုံ ၁)။ အုတ်နံရံနောက်ခံနှင့် တောအုပ်ဆန်သော အပင်များက လတ်လတ်ဆတ်ဆတ် တွေ့ရှိထားသည့်အသွင်ကို ဆောင်သော်လည်း၊ ပစ္စည်းများကို မြင်ကွင်းလှပစေရန် တမင်တကာ စီစဉ်ထားခြင်း ဖြစ်နိုင်သည်။ ရွှေဦးထုပ်ကို အဝတ်စတစ်ခုဖြင့် ဖုံးအုပ်ထားဖူးပုံရသည်။
ယခု ဗစ်တိုးရီးယားနှင့် အဲလ်ဘတ်ပြတိုက်တွင် ရှိသော စေတီ၏ ခေါင်းလောင်းပုံအထက်ပိုင်းသည် ထိပ်ပိုင်းတွင် ကျိုးပဲ့သွားပြီး ပြန်လည်မတွေ့ရှိခဲ့ပေ။ အသေးဆုံးစေတီ၏ အောက်ခြေခုံသာ ကျန်ရှိပြီး ညာဘက်အောက်ထောင့်တွင် မြင်နိုင်သည် (ပုံ ၁)။ ဌာပနာတိုက်ကို ရတနာသိုက်ရှာဖွေသူများ တူးဖော်ခဲ့ခြင်း မဟုတ်သောကြောင့် ဤကျိုးပဲ့မှုသည် အပေါ်မှ အုတ်စေတီကို ဖြိုဖျက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်တန်ရာသည်။
ပစ္စည်းအားလုံးကို ဆောက်ကင်ဆင်တန်ပြတိုက်က ၁၈၇၉ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး၊ ထိုနှစ်သည် အရှေ့အိန္ဒိယကုမ္ပဏီ၏ စုဆောင်းမှုများကို ပြတိုက်သို့ လွှဲပြောင်းသည့်နှစ် ဖြစ်သည်။ အများစုကို ၁၈၉၀ ပြည့်နှစ်များအလယ်ပိုင်းတွင် “ဖန်ဗီရိုတစ်ခုအတွင်း ပြသထားခဲ့သည်” (St. John 1895: 199)။ ရွှေခါးပတ်နှင့် အဖုံးတွင် ပတ္တမြားပါသော ရွှေခွက်တို့သည် ၁၈၉၅ ခုနှစ်တွင် ပြတိုက်၌ ရှိခဲ့သော်လည်း ယနေ့တွင် ရှာမတွေ့နိုင်တော့ပါ (St. John 1895: 201)။
ပြည့်စုံသော စေတီပုံ ဓာတ်တော်ကြုတ်ကို အမည်မသိ အကြောင်းပြချက်များဖြင့် ၁၉၅၈ ခုနှစ်တွင် ပြတိုက်ပိုင်ပစ္စည်းစာရင်းမှ ပယ်ဖျက်ခဲ့သော်လည်း အဖြူအမည်း ဓာတ်ပုံတစ်ပုံတွင် မှတ်တမ်းတင်ထားနိုင်ခဲ့သည် (ပုံ ၃)။ ၎င်း၏ လက်ရှိတည်နေရာကို မသိရှိရပါ။ ဤအစုအဝေးမှ လူသိအများဆုံး ပစ္စည်းမှာ ရွှေဦးထုပ်(မကိုဋ်) ဖြစ်သည် (Lowry 1974: 28) (ပုံ ၄)။
မှတ်ချက်။ ။ ဆောင်းပါးရှည်ဖြစ်သောကြောင့် အပိုင်း ၅ ပိုင်းခွဲ၍ တင်ပြသွားပါမည်။ အမည်နာမ ကွဲလွဲချက်များတွေ့ရှိပါက ပြန်လည်ပြင်နိုင်ရန် ကျေးဇူးပြု၍ အသိပေးစေလို။ ဘာသာပြန်မှုလွဲမှားရှိပါက ထောက်ပြစေလို။
*ဆက်လက်ဖော်ပြပါမည်-











































