နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြား မြန်မာနိုင်ငံသား ပရိသတ်အချို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကမ္ဘာကျော် ကေပေါ့အဖွဲ့ Blackpink ရဲ့ ဖျော်ဖြေပွဲကို တစ်ဦးလျှင် ကျပ်သိန်း ၁၅၀ ဝန်းကျင် အကုန်အကျခံ သွားရောက်ကြည့်ရှုနေတာဟာ မြန်မာလူငယ်တွေရဲ့ စိတ်ခံစားမှု၊ ဦးစားပေးမှုနဲ့ လက်ရှိလူနေမှုဘဝတို့ကို မီးမောင်းထိုးပြနေသလိုပါ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မနေ့ ညနေပိုင်းမှာစတင်ပြုလုပ်ခဲ့ ကေပေါ့ မိန်းကလေးအဖွဲ့ Blackpink ဖျော်ဖြေပွဲလက်မှတ်တွေကို မူရင်းရောင်းဈေးထက် နှစ်ဆကျော်ပေးဝယ်ခဲ့ရတယ်လို့ ပွဲကြည့်မယ့်မြန်မာတွေနဲ့ လက်မှတ်ပြန်လည်ရောင်းချသူတွေဆီက သိရပါတယ်။
ဒီလိုနှစ်ဆကျော်ခုန်တက်တဲ့ဈေးအပြင် ပြန်လည်ရောင်းချပေးသူတွေကို ဝန်ဆောင်ခပေးရတာကြောင့် မြန်မာကနေ လာရောက်ကြည့်ရှုသူတဦးအတွက် ပျှမ်းမျှမြန်မာငွေ သိန်း ၁၅ဝ ဝန်းကျင် ကုန်ကျတဲ့အခြေအနေပါ။
“လက်မှတ်က စင်နဲ့အနီးဆုံးဆို ဘတ် ၄၅,၀၀၀ လောက်အထိပေါက်တယ်။ မူရင်းဈေးက tax (အခွန်)အပါ ၉ ထောင်ကျော်ပဲရှိတယ်” လို့ လက်မှတ်ပြန်ရောင်းသူ မြန်မာတဦးက ပြောပါတယ်။
Blackpink အဖွဲ့ဟာ အောက်တိုဘာ ၂၄၊ ၂၅ နဲ့ ၂၆ ရက်မှာ သုံးရက်တာ ဖျော်ဖြေပွဲပြုလုပ်သွားမှာ ဖြစ်ပြီး တရက်စာအတွက် ပွဲလက်မှတ်အမျိုးအစား ၉ မျိုး ခွဲကာရောင်းချခဲ့တာပါ။
ဘတ် ၅,၈၀၀ မူရင်းဈေးရှိတဲ့ ပန်းရောင်လက်မှတ်အမျိုးအစားဆိုရင် ပြန်ရောင်းဈေး ဘတ် ၁,၅၀၀၀ နဲ့ ဝယ်ယူခဲ့ရတယ်လို့ မြန်မာနိုင်ငံကနေ ပွဲလာကြည့်မယ့်သူတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
“အခု Day 1 ပွဲမှာတော့ မြန်မာတွေအတော်များများကို တွေ့ရတယ်။ လက်မှတ်ရောင်းတဲ့ အွန်လိုင်းဂရုတွေမှာလည်း မြန်မာတွေအများကြီးပဲ ဝယ်လာတာအရင်ထက်များတယ်” လို့ ဒီနေ့ ပွဲကို ကြည့်မယ့် မြန်မာတဦးက ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံသား အရေအတွက် ဘယ်လောက်လာကြည့်မှာလည်းဆိုတာကို ခန့်မှန်းလို့ မရနိုင်သေးပါဘူး
ကိုရီးယား ကေပေါ့အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့မှာ Jennie၊ Lisa ၊ Rose နဲ့ Jisoo ဆိုတဲ့ အဖွဲ့ဝင် ၄ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင် Lisa ဟာ ထိုင်းနိုင်ငံသူဖြစ်တာကြောင့် သူတို့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ ပုံမှန် ၂ ရက်သာဖျော်ဖြေပေမဲ့ ထိုင်းနိုင်ငံမှာတော့ ၃ ရက်တိတိ ပွဲပြုလုပ်မှာ လည်းဖြစ်ပါတယ်။
Crd-ဘီဘီစီ(မြန်မာပိုင်း)




































