မွန်ပြည်သစ်ပါတီ (AD) သည် မွန်လူမျိုးများ ကိုယ်စားပြု၍ သက်တော် (၉၃) နှစ်တွင် နတ်ရွာစံကံတော်ကုန်ခဲ့သည့် ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် (Queen Sirikit, the Queen Mother of Thailand) အတွက် ထိုင်းဘုရင်မင်းမြတ် မဟာဝဇိရာလောင်ကွန်း၏ တော်ဝင်မိသားစုဝင်များနှင့် ထိုင်းနိုင်ငံပြည်သူများထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် အဂႅလိပ်ဘာသာဖြင့် ရေးသားပေးပို့ခဲ့ကြောင်း တွေ့ရသည်။
သဝဏ်လွှာတွင် “ဘုရင်မကြီး၏ မေတ္တာ၊ ကရုဏာနှင့် ပြည်သူများအတွက် ဆက်ကပ်အပ်နှံမှုတို့သည် မျိုးဆက်ပေါင်းများစွာအထိ မရေမတွက်နိုင်သော သက်ရောက်မှုကို ပေးခဲ့ပါသည်” ဟု ဖော်ပြထားသည်။
ထို့ပြင် မယ်တော်ကြီး၏ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတထိန်းသိမ်းရေး၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးတို့ကို တစ်သက်တာလုံး အပ်နှံဆောင်ရွက်ခဲ့မှုသည် မွန်လူမျိုးများအပါအဝင် ထိုင်းပြည်သူအပေါ် အကျိုးသက်ရောက်မှုကြီးမားခဲ့သည်ဟုလည်း ဖော်ပြသည်။
“ကျွန်ုပ်တို့ မွန်လူမျိုးများသည် ဤကြီးစွာသော ဝမ်းနည်းပူဆွေးမှုနှင့် နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းကာလတွင် ထိုင်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်လျက် မယ်တော်ဘုရင်မကြီးအား အောက်မေ့ဂုဏ်ပြုအပ်ပါသည်” ဟု သဝဏ်လွှာတွင် ထပ်မံဖော်ပြထားသည်။
နောက်ဆုံးတွင် “ဘုရင်မကြီး၏ ထူးခြားလှသော အမှုထမ်းခြင်း၊ ဉာဏ်ပညာနှင့် ကရုဏာတရားတို့၏ အမွေအနှစ်သည် ငြိမ်းချမ်းရေး၊ လူသားမျိုးဆက်များနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကို တန်ဖိုးထားသူတိုင်းအတွက် ထာဝရခွန်အားပေးရာ အရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။






































