ကန်ချနဘူရီပြည်နယ်၊ ဆိုင်းယွတ်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို တင်ဆောင်လာသည်ဟု သံသယရှိသော ပစ်ကပ်ကားတစ်စီးသည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာရာ လမ်းအကွေ့တစ်ခု၌ ဘီးကျွတ်ထွက်ပြီး အရှိန်မထိန်းနိုင်သဖြင့် ပြင်းထန်စွာ မှောက်လဲသွားခဲ့သည်။
ယနေ့အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၉ နာရီခွဲခန့်တွင် စံခလဘူရီ–ကန်ချနဘူရီ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် နိုင်ငံခြားသားအလုပ်သမား ၃ ဦး ပွဲချင်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုမှအပြင် ကားမောင်းသူနှင့် တခြားအလုပ်သမား ၁၀ ဦးခန့်သည် ကားမှောက်ပြီးနောက် လမ်းဘေးတောထဲသို့ ထွက်ပြေးသွားကြသဖြင့် အာဏာပိုင်များက အင်အားအများအပြားဖြင့် လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးသတင်းအရ ထွက်ပြေးသူ ၇ ဦးကို ဖမ်းဆီးရမိထားပြီဖြစ်သည်။
ဖြစ်ပုံအရ Nissan Navara အမျိုးအစား ပစ်ကပ်ကားတစ်စီးက အရှိန်မြင့်မောင်းနှင်လာစဉ် လမ်းအကွေ့တစ်ခုတွင် ဘယ်ဘက်နောက်ဘီးကျွတ်ထွက်သွားသောကြောင့် လမ်းဘက်ခြမ်းကို ကျော်ပြီး မှောက်လဲသွားခဲ့တာဖြစ်သည်။ ကားပေါ်ရှိ သေတ္တာကြီးလည်း လွင့်ထွက်သွားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ဆိုင်းယွတ်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်စီမံခဲ့ကြသည်။
သတင်းရင်းမြစ် – ကန်ချနဘူရီ ဒေသတွင်းသတင်း










































