ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက် ထွက်ပြေးသွားသည့် ယာဉ်မောင်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်း၏ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦးကိုလည်း ထပ်မံတွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း စံခလပူရီမြို့မရဲစခန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်ည ၇ နာရီခွဲအချိန်ခန့်တွင် စံခလပူရီမြို့နယ် စံခလယ်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ထိုနေရာသို့ ရောက်ရှိသောအခါ အပြာရောင် Isuzu D-Max ပစ်ကပ်ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ တိုက်မိနေသည်ကို တွေ့ရှိခဲ့သည်။ ပစ်ကပ်ကားမောင်းသူကို မတွေ့ရှိရဘဲ ထွက်ပြေးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့က ပစ်ကပ်ကားကို စစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉ ဦးကို တွေ့ရှိသဖြင့် စံခလပူရီရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းခဲ့သည်။
ခဏအကြာတွင် အသက် ၃၃ နှစ်အရွယ် ထိုင်းနိုင်ငံသား Mr. Chai Thong ဆိုသူ ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်းမှာ အဆိုပါပစ်ကပ်ကား၏ ယာဉ်မောင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က ယာဉ်မောင်းအပါအဝင် လူ ၁၀ ဦးလုံးကို ဖမ်းဆီးလိုက်ကြောင်း အသိပေးပြီး သက်ဆိုင်ရာ စွဲချက်များကို တရားဝင် တပ်မှတ်ခဲ့သည်။
ယာဉ်မောင်းဖြစ်သူ Mr. Chai Thong ကို “တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများကို ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် ကူညီခြင်း၊ ပုန်းအောင်းစေခြင်း” စသည့်ပြစ်မှုဖြင့် အရေးယူခဲ့ပြီး၊ ကားပေါ်တွင် ပါလာသူ မြန်မာနိုင်ငံသားများဖြစ်သည့်-
- Mr. Win Yae Oo (အသက် ၂၀ နှစ်)
- Mr. Su Pai Thui (အသက် ၂၁ နှစ်)
- Mr. Tae Sae (အသက် ၃၈ နှစ်)
- Mr. Te Da Mo (အသက် ၂၂ နှစ်)
- Mr. Mui Oo (အသက် ၂၄ နှစ်)
- Mr. Wae Mu (အသက် ၂၁ နှစ်)
- Mr. Tae Miew Aong (အသက် ၃၃ နှစ်)
- Mr. U The Maung (အသက် ၃၉ နှစ်)
- Mr. To Se Oo (အသက် ၁၉ နှစ်) တို့ကို “ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှု” ဖြင့် အရေးယူခဲ့သည်။
ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။




































