မယ်တော်ဘုရင်မကြီး သီရိခေတ်အား ဆေးကုသမှုပေးလျက်ရှိသော တော်ဝင်ဆေးအဖွဲ့၏ လျှောက်ထားချက်အရ၊ မယ်တော်ဘုရင်မကြီးသည် ထိုင်းနိုင်ငံ ကြက်ခြေနီအသင်း၊ ချူလာလောင်ကွန်း ဆေးရုံတွင် ၂၀၁၉ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ကြွရောက်စံမြန်းတော်မူခဲ့ကြောင်း အများပြည်သူ အသိပေးပြီးဖြစ်ပါသည်။

ဆေးရုံတွင် စံမြန်းတော်မူစဉ်အတွင်း မယ်တော်ဘုရင်မကြီးသည် အကြိမ်များစွာ နာမကျန်းဖြစ်တော်မူခဲ့ပြီး၊ ဆေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များအရ ကိုယ်ခန္ဓာစနစ်များတွင် ပုံမှန်မဟုတ်သည့် အခြေအနေများကြောင့် ဆေးကုသမှုကို စဉ်ဆက်မပြတ် ဆက်လက်ပြုလုပ်ခဲ့ရပါသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ မယ်တော်ဘုရင်မကြီး သီရိခေတ်သည် သွေးဆိပ်တက်သည့် ဝေဒနာကို ခံစားခဲ့ရပါသည်။ ဆေးအဖွဲ့မှ အစွမ်းကုန် ကုသခဲ့သော်လည်း ကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်း ဆိုးရွားလာခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့၊ ည ၉ နာရီ ၂၁ မိနစ်တွင် ထိုင်းနိုင်ငံ ကြက်ခြေနီအသင်း၊ ချူလာလောင်ကွန်းဆေးရုံ၌ ငြိမ်းချမ်းစွာဖြင့် နတ်ရွာစံတော်မူခဲ့ပါသည်။ ထိုအချိန်တွင် သက်တော် ၉၃ နှစ် ရှိပြီဖြစ်ပါသည်။
ဘုရင်မင်းမြတ်မှ နန်းတွင်းရုံးတော်အား ရုပ်ကလာပ်တော်ကို တော်ဝင်ထုံးတမ်းစဉ်လာများနှင့်အညီ အမြင့်ဆုံးဂုဏ်ပြုမှုများဖြင့် စီစဉ်ဆောင်ရွက်ရန်နှင့် ရုပ်ကလာပ်တော်ကို မဟာနန်းတော်အတွင်းရှိ ဒုဆစ်မဟာပြာသာဒ်နန်းဆောင်တွင် ထားရှိရန် အမိန့်တော် ထုတ်ပြန်ခဲ့ပါသည်။
တော်ဝင်မိသားစုဝင်များနှင့် နန်းတွင်းအမှုထမ်းများအားလုံး နတ်ရွာစံသည့်နေ့မှစ၍ (၁) နှစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ရန် အမိန့်တော် ချမှတ်ခဲ့ပါကြောင်း ထိုင်းတော်ဝင် နန်းတွင်းရုံးတော်က အောက်တိုဘာ ၂၄ ရက်ဖြင့် ထုတ်ပြန်လိုက်သည်။




































