မြန်မာပြည်က နာမည်အကြီးဆုံး အွန်လိုင်းငွေလိမ်လုပ်ငန်း Scam လုပ်ငန်းနေရာတစ်ခုကို စစ်တပ်က ဝင်စီးလိုက်လို့ လူ ၇၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ Tak ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Tak ခရိုင်အုပ်ချုပ်ရေးမှူး ဆာဝါနစ် ဆူရီယာကွန်း နာအယုဒ္ဒယ က AFP သတင်းဌာနကို ပြောတာကတော့ ကြာသပတေးနေ့မနက်ပိုင်းအထိ KK Park ကနေ လူပေါင်း ၆၇၇ ယောက်ဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို ထွက်ပြေးလာခဲ့တယ် ဆိုပါတယ်။
ကြာသပတေးနေ့မနက်မှာပဲ နောက်ထပ် လူ ၁၀၀ ကျော်လောက်က ခရီးဆောင်အိတ်ကြီးတွေ၊ ကျောပိုးအိတ်တွေနဲ့ မြန်မာဘက်ကမ်းမှာ စုနေကြတာကို AFP သတင်းထောက်တစ်ယောက်က မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကားသမားတစ်ယောက်ကတော့ တစ်ညလုံး တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့သူ ၇၀၀ လောက်ရှိတယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ ပြည်တွင်းစစ်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုမခိုင်မာတဲ့ နယ်စပ်တလျှောက်မှာ အင်တာနက်ကနေ အချစ်ရေး၊ စီးပွားရေးအကြောင်းပြပြီး ငွေလိမ်တဲ့ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းနေရာတွေ အများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ဖေဖော်ဝါရီလတုန်းက လူသိရှင်ကြား ကြီးကြီးမားမား နှိမ်နင်းမှုတစ်ခုလုပ်ခဲ့လို့ အလုပ်သမား ၇,၀၀၀ လောက်ကို သူတို့နိုင်ငံတွေဆီ ပြန်ပို့ခဲ့ရပြီး ထိုင်းဘက်ကလည်း နယ်စပ်ဖြတ်ကျော်အင်တာနက်လိုင်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလထဲမှာ AFP က စုံစမ်းမှုတွေအရ လုပ်ငန်းနေရာတော်တော်များများမှာ ဆောက်လုပ်ရေးတွေ ဆက်လုပ်နေတုန်းပဲဖြစ်ပြီး အီလွန်မက်စ် ပိုင်တဲ့ ဂြိုလ်တုအင်တာနက်လိုင်းဖြစ်တဲ့ စတားလင့် (Starlink) အင်တာနက်စက်တွေကို အလုံးအရင်းနဲ့ တပ်ဆင်လာကြတာကို တွေ့ခဲ့ရပါတယ်။
SpaceX ကုမ္ပဏီကတော့ တရားမဝင်လုပ်ငန်းတွေမှာ သုံးနေနိုင်တယ်လို့ သတင်းပေးချက်ရလို့ Starlink စက်အလုံး ၂,၅၀၀ လောက်ကို ပိတ်ပစ်ခဲ့တယ်လို့ ဒီတစ်ပတ်မှာ ပြောပါတယ်။
Scam လုပ်ငန်းတွေက အလုပ်သမားတချို့ဟာ လုံခြုံရေးတင်းကျပ်တဲ့ နေရာတွေထဲကို လူကုန်ကူးခံရပြီး ရောက်လာတာမျိုးတွေရှိသလို၊ တချို့ကလည်း ဒီဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ တရားမဝင်လုပ်ငန်းမှာ ကိုယ့်နိုင်ငံထက် ဝင်ငွေပိုရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်သဘောနဲ့ကိုယ် လာလုပ်ကြတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဆာဝါနစ်ကတော့ လူဝင်မှုကြီးကြပ်ရေးရဲနဲ့ စစ်တပ်တို့ဟာ “လူသားချင်းစာနာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ပူးပေါင်းကူညီပေးခဲ့တယ်” လို့ ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်လာသူတွေကို လူကုန်ကူးခံရတာ ဟုတ်၊ မဟုတ် ဒါမှမဟုတ် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူရမလားဆိုတာ “စိစစ်စစ်ဆေးသွားမယ်” လို့ သူက ဆိုပါတယ်။
Tak ခရိုင်အုပ်ချုပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရ မြန်မာဘက်က ဝင်လာတဲ့အဖွဲ့ထဲမှာ နိုင်ငံခြားသား အမျိုးသား၊ အမျိုးသမီးတွေ ပါဝင်ပြီး နောက်ထပ်လည်း ဝင်လာဦးမယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား ၂၀ လောက်ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းပိုင်နက်ထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့တယ်လို့ ရန်ကုန်က အင်ဒိုနီးရှားသံရုံးက ပြောကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင်သတင်းဌာန Antara က ရေးသားထားပါတယ်။
မြန်မာစစ်တပ်ဟာ သူတို့ရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို အကျိုးအမြတ်ရစေတဲ့ Scam လုပ်ငန်းတွေကို ကာလရှည်ကြာ မသိချင်ယောင်ဆောင်ထားခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ကိုကျောထောက်နောက်ခံပေးထားတဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံသားတွေ ဒီလုပ်ငန်းတွေမှာ ပါဝင်နေတာရော၊ အလိမ်ခံနေရတာရောကြောင့် တရုတ်ဘက်က စိတ်အနှောင့်အယှက်ဖြစ်နေတာပါ။
ဒါပေမဲ့ စစ်တပ်က Scam လုပ်ငန်းတွေကို ဝင်စီးတာဟာ တရုတ်ကိုကျေနပ်အောင်လုပ်ရင်း သူတို့အကျိုးအမြတ်ကိုလည်း မထိခိုက်အောင် မဟာမိတ်လက်နက်ကိုင်တွေနဲ့ပေါင်းပြီးလုပ်တဲ့ ဟန်ပြလုပ်ရပ်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
ဒီနိုင်ငံဖြတ်ကျော် ငွေလိမ်လုပ်ငန်းဟာ အရှေ့တောင်အာရှမှာ မကြာသေးခင်နှစ်တွေအတွင်း အကြီးအကျယ် ဖြစ်ပွားလာခဲ့ပြီး ငွေလိမ်သမား ထောင်ပေါင်းများစွာ ပါဝင်ပတ်သက်နေတယ်လို့ ခန့်မှန်းရပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ ဒီဒေသတွင်းက လူတွေ ဒေါ်လာ ၃၇ ဘီလီယံအထိ လိမ်လည်ခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်း ဆုံးရှုံးမှုကတော့ “ဒါထက်အများကြီး ပိုများနိုင်တယ်” လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာတော့ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ထိုင်းဘဏ္ဍာရေးဒုဝန်ကြီး ဗိုရာပတ် တန်ယာဝေါင်ဟာ ဗုဒ္ဓဟူးနေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ကမ္ဘောဒီးယားနိုင်ငံက ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရတဲ့ တောင်ကိုရီးယားနိုင်ငံသား ၆၄ ယောက်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး သူတို့ တောင်ကိုရီးယားကို ပြန်ရောက်ရင် အများစုကို ဖမ်းဝရမ်းထုတ်ဖို့ ရဲတပ်ဖွဲ့က စီစဉ်နေပါတယ်။
ကမ္ဘောဒီးယားအာဏာပိုင်တွေကတော့ ကြာသပတေးနေ့မှာ အွန်လိုင်းငွေလိမ်မှုတွေနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ တောင်ကိုရီးယား ၅၇ ယောက်နဲ့ တရုတ် ၂၉ ယောက်ကို ဖနွမ်းပင်မြို့တော်က စစ်ဆင်ရေးတစ်ခုအတွင်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
(သတင်းဓာတ်ပုံ – မြဝတီမြို့က KK Park Scam လုပ်ငန်းနေရာကို ထိုင်းနိုင်ငံ၊ Tak ခရိုင်၊ မဲဆောက်မြို့ဘက်ကနေ စက်တင်ဘာလတုန်းက လှမ်းမြင်ရတဲ့မြင်ကွင်း ဖြစ်ပါတယ်။)














































