မြန်မာအွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်လုပ်ငန်းများ) အသုံးပြုနေသည့် Starlink ဂြိုဟ်တုအင်တာနက် Terminal ၂,၅၀၀ ကျော်ကို ဝန်ဆောင်မှုရပ်ဆိုင်းလိုက်ကြောင်း SpaceX ကုမ္ပဏီ၏ Starlink လုပ်ငန်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လော်ရန် ဒရိုင်ယာ (Lauren Dreyer) က အမေရိကန်လွှတ်တော်အမတ်များကို အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။


မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်တွင် အဆိုပါ ငွေလိမ်ဂိုဏ်းများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုကြီးထွားလာခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဖြိုခွင်းမှုများအတွင်း ကျားဖြန့်စင်တာများမှ အလုပ်သမား ၇,၀၀၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ခဲ့ပြီး ထိုင်းဘက်မှလည်း နယ်စပ်ဖြတ်ကျော်အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။
သို့သော် AFP သတင်းဌာန၏ ယခုလအတွင်း စုံစမ်းစစ်ဆေးမှုတစ်ခုအရ မြဝတီမြို့ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော KK Park တွင် အဆောက်အအုံသစ်များ တည်ဆောက်နေပြီး Starlink ကို အသုံးပြု၍ ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။
ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် အင်တာနက်နှင့် ဓာတ်အားလိုင်းများကို ဖြတ်တောက်လိုက်ပြီးနောက်တွင် အဆိုပါစင်တာများ၏ အဆောက်အအုံခေါင်မိုးများပေါ်တွင် Starlink စလောင်းများကို အများအပြား တပ်ဆင်လာကြကြောင်း တွေ့ရှိရသည်။
မြန်မာအာဏာပိုင်များကလည်း နာမည်ဆိုးကြီးသည့် KK Park ကို ယခုသီတင်းပတ်အတွင်း ဝင်ရောက်စီးနင်းခဲ့ရာ Starlink Terminal အလုံး ၃၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Ref: AFP
Photo: AFP




































